DVB Logo
Home
မြန်မာသတင်း
ရဲရင့်အောင်နှင့် ရွှေထူး အတူဖျော်ဖြေမည့် Makeup Room Concert အွန်လိုင်းဂီတဖျော်ဖြေပွဲ ကျင်းပမည်
DVB
·
August 11, 2020
ရဲရင့်အောင်နှင့် ရွှေထူး အတူဖျော်ဖြေမည့် Makeup Room Concert အွန်လိုင်းဂီတဖျော်ဖြေပွဲ ကျင်းပမည်
Donate to DVB

       နာမည်ကြီး လူငယ်တေးသံရှင် ၂ ယောက်ဖြစ်ကြတဲ့ ရဲရင့်အောင်နဲ့ ရွှေထူးတို့ အတူ ပူးပေါင်းဖျော်ဖြေမယ့် အွန်လိုင်းဂီတဖျော်ဖြေပွဲကို လာမယ့် ဩဂုတ် ၁၄ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

Makeup Room Concert လို့ အမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲကိုတော့ King 7 Dynasty ကုမ္ပဏီက စီစဉ်တင်ဆက်လိုက်တာဖြစ်ပြီး MPT အပလီကေးရှင်းကနေတဆင့် တိုက်ရိုက်လိုက်ဖ်လွှင့် ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကတော့ အနုပညာရှင်တွေ စင်ပေါ်တက်ပြီး သီဆိုဖျော်ဖြေတာတွေ မလုပ်ကြခင် စတိတ်စင်ရဲ့နောက်ကွယ် Makeup Room ထဲကနေ ပရိသတ်ကို အွန်လိုင်းမှတဆင့် ဖျော်ဖြေမှုပေးတဲ့ ပုံစံမျိုးပဲ ဖြစ်ပါတယ်။

အစပိုင်းတုန်းကတော့ ဒီပွဲကို နာမည်ကြီး အမျိုးသမီးတေးသံရှင် ၂ ယောက်ဖြစ်တဲ့ ထွန်းအိန္ဒြာဗို၊ တင်ဇာမော်တို့နဲ့ ကျင်းပဖို့ ကြေငြာထားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဖျက်သိမ်းရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရဲရင့်အောင်ဟာ အနုပညာလောကထဲကို ၂၀၁၁ ခုနှစ်လောက်က စတင်ဝင်ရောက်ခဲ့ပြီး Bo Bo Entertainment က ထုတ်ဝေတဲ့ အတွဲသီချင်း အယ်လ်ဘမ်တွေထဲမှာ ပါဝင်သီဆိုခဲ့ကာ “Bo Bo 1st Anniversary” အယ်လ် ဘမ်ထဲမှာ ပါဝင်တဲ့ “လွမ်းလွန်းလို့”သီချင်းကတော့ သူ့ကို ပရိသတ်တွေ စတင် သတိပြု မိခဲ့တဲ့ သီချင်း ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၂ ခုနှစ်မှာတော့ အဆိုတော် သားသားနဲ့ တွဲဖက်ပြီး “အမုန်း ဒိုင်ယာရီ”တေး အယ်လ်ဘမ်ထွက်ရှိလာခဲ့ပြီး အဲဒီတေးအဘ်လ်ဘမ်ဟာ အရောင်းရဆုံး တေးအယ်လ်ဘမ်တချပ် ဖြစ်လာခဲ့ကာ ရဲရင့်အောင်ရယ်လို့ ပရိသတ်တွေက အားပေးမှုရခဲ့တဲ့ တေးအယ်လ်ဘမ်လည်း ဖြစ်ခဲ့ပါတယ်။

သူ့ရဲ့ နောက်ထပ် နာမည်ကြီးတကိုယ်တော်တေးအယ်လ်ဘမ် “ချေ”ကိုတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Myanmar Music Awards(MMA)က ချီးမြှင့်တဲ့ Best Pop Music Award for Winter နဲ့ Best Pop Album Award ဆုတွေ ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

သီချင်းတွေ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတာမျိုးအပြင် နောက်ပိုင်းမှာ ရဲရင့်အောင် က သရုပ်ဆောင် အနုပညာလမ်းကြောင်းဘက်မှာလည်း လျှောက်လှမ်းခဲ့ပြန်ပါတယ်။

၂၀၁၆ ခုနှစ်အတွင်းမှာတော့ သရုပ်ဆောင်မင်းသမီး အိချောပိုနဲ့ တွဲဖက်သရုပ် ဆောင်ခဲ့တဲ့ “QC Game”၊ နန်းဆုဦးနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ “Waiting For You”၊ သဉ္ဇာနွယ်ဝင်းနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ “ဟဲ့”စတဲ့ ဇာတ်ကားတွေမှာ ပါဝင်ခဲ့တာပါ။

၂၀၁၈ ခုနှစ်မှာတော့ အဆိုတော် သရုပ်ဆောင် လွှမ်းပိုင်၊ သရုပ်ဆောင်မင်းသမီး ဖွေးဖွေးတို့နဲ့အတူ သုံးပွင့်ဆိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ “ငါ့ကိုနမ်းတဲ့မုန်တိုင်း” ရုပ်ရှင်နဲ့အတူ ရဲရင့်အောင်ရဲ့ သရုပ်ဆောင်အနုပညာကို ပရိသတ်တွေက အမှတ်ပေးခဲ့ကြရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရဲရင့်အောင်ဟာ ဂီတဘက်မှာရော သရုပ်ဆောင်အနုပညာဘက်မှာပါ ဟန်ချက်ညီညီ လှုပ်ရှားနေခဲ့တာ ဖြစ်ပါတယ်။

နှုတ်ခမ်းနီမလေးတွေ အသည်းကြော် အသက် ၂၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရွှေထူး ကတော့ အချစ်သီချင်းတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုပြီး အင်တာနက်ပေါ် မျှဝေခဲ့ ရာမှတဆင့် လူသိများလာခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ ထက်ယံ၊ X Boxin၊ Lil Z တို့နဲ့ ၄ ယောက်တွဲ တေးအယ်လ်ဘမ် “Four”ကို ပထမဆုံး ထွက်ရှိနိုင်ခဲ့တာပါ။

အဲဒီနောက်တော့ သူ့ရဲ့ ပထမဆုံးတကိုယ်တော် တေးအယ်လ်ဘမ် “စိတ်ကူးယဉ် စာအုပ်” ကိုတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိနိုင်ခဲ့ပြီး ပရိသတ်တွေက ရွှေထူးရယ်လို့ လက်ခံအားပေးခဲ့ကြတဲ့ တေးအယ်လ်ဘမ်တချပ် ဖြစ်ခဲ့ပါတယ်။

သီချင်းတွေမှာတင်မက သရုပ်ဆောင်အနုပညာ အရည်အသွေးရှိတဲ့ ရွှေထူးဟာ “ပက်ပက်စက်စက်ညှို့”၊ “ဧည့်သည်”၊ “ဒဏ္ဍာရီမိုး”စတဲ့ ရုပ်ရှင်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေ လက်ခံအားပေးမှု ရရှိထားသူလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ ရဲရင့်အောင်နဲ့ ရွှေထူးတို့ ၂ ယောက် အချိတ်အဆက်မိမိ ပါ ဝင်ဖျော်ဖြေကြမယ့် Makeup Room Concert ဖျော်ဖြေပွဲကို စောင့်မျှော်ကြည့်ရှုကြရမှာ ပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013