
အိန္ဒိယနိုင်ငံက ပြန်လာတဲ့ ကိုဗစ်-၁၉ လူနာ တပ်မတော် အရာရှိ၊ စစ်သည် ၁၆ ဦးမှာ နှစ်ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရှိရလို့ ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီး တပ်မတော်အတွင်း ကိုဗစ် ရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာ ကင်းစင်သွားပြီလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အိန္ဒိယမှာ သင်တန်းတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာတဲ့ တပ်မတော် အရာရှိ၊ စစ်သည် ၁၆ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့လို့ တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီး(မင်္ဂလာဒုံ) မှာ ဆေးကုသမှုပေးနေတာ ဖြစ်ပါတယ်။
အဆိုပါအရာရှိ၊ စစ်သည်တွေရဲ့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့အားရယူကာ Polymerase Chain Reaction(PCR) နည်းနဲ့ ထပ်မံဓာတ်ခွဲစစ်ဆေးရာမှာ နှစ်ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရှိရလို့ ရောဂါပိုးကင်းစင်လာသူတွေအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့တာပါ ။
သူတို့ကို Hospital Quarantine ထပ်မံထားရှိခဲ့ပြီး ဇူလိုင် ၃ ရက်မှာ ၃ ဦး၊ ဇူလိုင် ၂၄ ရက်မှာ ၂ ဦး၊ ဇူလိုင် ၂၉ ရက်မှာ ၆ ဦး၊ ဩဂုတ် ၄ ရက်မှဦ ၂ ဦးနဲ့ ဩဂုတ် ၇ ရက်မှာ ၃ ဦး၊ စုစုပေါင်း ၁၆ ဦး တို့ကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ကာ သတ်မှတ်နေရာတွေမှာ အသွားအလာဆက်လက်ကန့်သတ် စောင့်ကြပ် ထားရှိတယ်လို့ တပ်မတော်ထုတ်ပြန်ချက်အရ သိရပါတယ်။










