DVB Logo
Home
မြန်မာသတင်း
၃၂ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနေ့ မဟာဗန္ဓုလပန်းခြံ ရှေ့တွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
August 8, 2020
၃၂ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနေ့ မဟာဗန္ဓုလပန်းခြံ ရှေ့တွင် ကျင်းပ (ဓာတ်ပုံ)
1 / 11
Donate to DVB

ဒီနေ့ကျရောက်တဲ့ ၃၂ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ အထိမ်းအမှတ်ပွဲကို ရန်ကုန်တိုင်းဒေသကြီး မဟာဗန္ဓုလပန်းခြံ ရှေ့မှာ ဒီနေ့မနက် ကျင်းပပြုလုပ်ခဲ့ပါတယ်။

၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့ကြသူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ နဲ့ ပြည်သူတွေက စုပေါင်းပြီး အလေးပြုတာနဲ့ ပန်းခွေချတာတွေ ပြုလုပ်ခဲ့ပါတယ်။ 

ရဟန်းရှင်လူ ကျောင်းသားနဲ့ ပြည်သူ့လူထုတရပ်လုံးပါဝင်ခဲ့ပြီး တစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးက ဒီကနေ့မှာ ၃၂ နှစ်ပြည့် မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ 

အခုလို ရင်ပြင်နီဟစ်တိုင် အောင်းမေ့ဘွယ်အခမ်းနားမှာ ၈၈ ဆိုတာ ဘာလဲဆိုတာ နောက်မျိုးဆက်လူငယ်တွေကို လေ့လာစေချင်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားတွေက ဆိုပါတယ်။

ဒီအထိမ်းအမှတ်အခမ်းအနားကို ငြိမ်းစုစီဥပဒေ ခွင့်ပြုချက် မတင်ဘဲ ကိုဗစ်ကျန်းမားရေးအစီအမံအတိုင်းသာ ကျင်းပလုပ်ဆောင်ခဲ့တာပါ။ 

ဒါ့ပြင် သြဂုတ် ၈ ရက်၊ မနက်ပိုင်းမှာတော့ ရှစ်လေးလုံးအရေးတော်ပုံမှာ ကျဆုံးခဲ့ကြတဲ့ ရဟန်းရှင်လူ ပြည်သူတွေအတွက် နေဆွမ်းကပ်လှူတာ နဲ့ အမှတ်တရ သစ်ပင်ပန်းမန် စိုက်ပျိုးတာ ပြုလုပ်တာတွေ ရှိပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံနေ့အခမ်းအနားတွေကို နိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ်တွေမှာ  ကျင်းပခဲ့ကြပါတယ်။

ရှစ်လေးလုံး သမိုင်းဖြစ်စဉ်အကျဉ်း 

 – ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ဗြိတိသျှထံမှ မြန်မာပြည် လွတ်လပ်ရေးရခဲ့ပြီးနောက် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။

– ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တွင် စစ်အာဏာသိမ်းခဲ့ပြီး ထိုအာဏာသိမ်းမှုကို လက်မခံသည့် ဆန္ဒပြလှုပ်ရှားမှုများ စဉ်ဆက်မပြတ်ရှိခဲ့သည်။

– အမည်ခံ ဆိုရှယ်လစ်လမ်းစဉ်ကို ကြေညာခဲ့ပြီး တပါတီအာဏာရှင်ဖြင့် အုပ်ချုပ်ရန် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲ၍ စစ်ဗိုလ်ချုပ်များက အရပ်ဝတ်လဲကာ အုပ်ချုပ်ခဲ့သည်။

– ယင်းသို့ အုပ်ချုပ်မှုကို လက်မခံကြောင်း အထင်ကရ အရေးအခင်းတွေဖြစ်သော ဦးသန့်၊ ၁၉၇၁၊ ၁၉၇၄၊ ၁၉၇၆ နှင့် မှိုင်းရာပြည့်စသည်တို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

– ၁၉၇၈ စက်တင်ဘာ ၅ ရက်တွင် ငွေစက္ကူများ ဖျက်သိမ်းကြောင်း ကြေညာရာမှ လူထု၏မကျေနပ်မှုများ ပေါက်ကွဲခဲ့ပြီး ကျောင်းသားများ၏ ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်။

– ၁၉၈၈ မတ်လ ၁၃ ရက်တွင် RIT ကျောင်းဝင်းအတွင်း စုရုံးနေကြသော ကျောင်းသားထုထဲသို့ ပစ်ခတ်နှိမ်နင်း၍ အင်ဂျင်နီယာကျောင်းသား ၂ ဦး ကျဆုံးခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ခဲ့ပြီး အခြား တက္ကသိုလ်ကောလိပ်များသို့ ကူးစက်ခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲများအား အကြမ်းဖက် နှိမ်နင်းခံရပြီး ကျောင်းသားအများအပြား ဖမ်းဆီးအကျဉ်းချခံခဲ့ရသည်။

– ၁၉၈၈ ခုနှစ် ဇွန်လ ကျောင်းများပြန်ဖွင့်ချိန်မှ စ၍ ကျောင်းသားသပိတ်တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ပြီး ကျောင်းဝင်းမှ ထွက်ချိန်တွင် ပြည်သူလူထုပါ ပူးပေါင်းပါဝင်လာခဲ့သည်။

– ၁၉၈၈ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် မဆလ ပါတီ အရေးပေါ်ညီလာခံနှင့် အရေးပေါ်လွှတ်တော် အစည်းအဝေးများ ခေါ်ယူခဲ့ပြီး ပါတီစုံစနစ်သို့ ပြောင်းလဲ မပြောင်းလဲကို မဲခွဲဆုံးဖြတ်ရာမှာ မပြောင်းနိုင်ကြောင်း ဆုံးဖြတ်ကြေညာခဲ့သည်။ သမ္မတ အပြောင်းအလဲကိုလည်း ပြုလုပ်ခဲ့သည်။

– ပြည်သူလူထု၏ မကျေနပ်မှုများ အမြင့်ဆုံးသို့ ရောက်ခဲ့ပြီး ၁၉၈၈ သြဂုတ်လဆန်း ၃ ရက်တွင် ရန်ကုန်မြို့ရှိ လမ်းများပေါ် ချီတက်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။

– ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်တွင် ပြည်လုံးကျွတ် သပိတ်မှောက် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး လမ်းများပေါ်တွင် ပစ်ခတ်နှိမ်နင်းခဲ့ရာ ပြည်သူထောင်ချီ သေဆုံးခဲ့ရသည်။ နိုင်ငံ့ဝန်ထမ်းများပါ ပူးပေါင်းပါဝင်လာခဲ့ပြီး ဝန်ထမ်းပေါင်းစုံ အထွေထွေသပိတ်ကြီးဖြစ်ခဲ့ရာ အစိုးရယန္တရားများ ရပ်ဆိုင်းသွားခဲ့သည်။ ပြည်သူ့ဆန္ဒလေ့လာစုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး မကြာမီ ပြန်လည်ဖျက်သိမ်းခဲ့သည်။ ထို့နောက် အရေးပေါ်လွှတ်တော် ထပ်မံခေါ်ယူခဲ့ပြီး ပါတီစုံ ရွေးကောက်ပွဲ ကျင်းပရန် သဘောတူခဲ့သည်။ သမတအပြောင်းအလဲကို ထပ်မံ ပြုလုပ်ခဲ့သည်။

– သို့ရာတွင် တစ်ပါတီအတွင်းမှ လူအပြောင်းအလဲ လုပ်ခြင်းမျှသာဖြစ်၍ ပြည်သူလူထုက လက်မခံဘဲ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးကို တောင်းဆိုခဲ့ကြပြီး အထွေထွေသပိတ်ကြီးကို ဆက်လက် ဆင်နွှဲခဲ့ကြသည်။

– ၁၉၈၈ စက်တင်ဘာ ၁၈ ရက်တွင် စစ်တပ်မှ နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူကြောင်း ကြေညာခဲ့ရာ ပြည်သူများက လက်မခံဘဲ ကြားဖြတ်အစိုးရဖွဲ့စည်းကို ဆက်လက်တောင်းဆိုပြီး ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့သည့်အတွက် လူထောင်ချီ သေဆုံးခဲ့ရသည်။

Photo - Ye Myo Khant / MPA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013