DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုမြို့နယ်တွင် မိုးများပြီး နှမ်း၊ ပြောင်းနှင့် စပါးခင်းများ ပျက်စီး 
DVB
·
August 4, 2020
ဒီးမော့ဆိုမြို့နယ်တွင် မိုးများပြီး နှမ်း၊ ပြောင်းနှင့် စပါးခင်းများ ပျက်စီး 
1 / 10
Donate to DVB

မိုးများပြီး မိုးရေဝင်လာတာကြောင့်  ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာမှာ စိုက်ပျိုးထားတဲ့ ပြောင်း၊ နှမ်းနဲ့ စပါးခင်း ဧက ၁၀၀ နီးပါး ပျက်စီးသွားပါတယ်။

ဩဂုတ် ၂ ရက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒီးမော့ဆို မြို့နယ် ကုန်းသာကျေးရွာအုပ်စုက စိုက်ပျိုးထားတဲ့ နှမ်း၊ ပြောင်း နဲ့စပါးခင်းတွေ ရေဝင်ပျက်စီးနေတာ ဖြစ်ပါတယ်။

ကုန်းသာကျေးရွာမှာ စိုက်ပျိုးထားတဲ့ နှမ်းဧက ၂၀ ကျော်ဟာ ရိတ်သိမ်းနေချိန်မှာပဲ ရေဝင်ပျက်စီးနေတာဖြစ်ပြီး နှမ်းစိုက်တောင်သူတွေကတော့ ကောင်းနိုင်သေးတဲ့နှမ်းတွေကို ရေထဲက ပြန်လည်ဆည်ယူနေကြပါတယ်။

နှမ်း ၅ ဧက နီးပါး စိုက်ပျိုးထားတဲ့ ဒေါ်သင်းထူးဆန်းက   “ခါတိုင်းနှစ်က မိုးရွာတယ်။ ဒီနှစ်က မိုးခေါင်တော့ မိုးနောက်ကျမလားပေါ့နော်။ အဲတော့ နှမ်းထည့်ကြည့်တာ။ နှမ်းရိတ်ပြီး ၂ ရက်မိုးမရွာသေးဘူးပေါ့နော်။ နောက်မနေ့ညကမှ ချောင်းရေကြီးတာလည်းပါပါတယ်။ မနေ့က လပြည့်နေ့ ဘုန်းကြီးကျောင်းသွားတာ နှမ်းခင်းထဲရေကြီးကုန်ပြီလို့ ပြောလို့ သွားကြည့်တော့ အဲလိုဖြစ်ကုန်တယ်။” လို့ပြောပါတယ်။

လက်ရှိစိုက်ပျိုးထားတဲ့နှမ်းကတော့ စမုံနက်နှမ်းအမျိုးအစားဖြစ်ပြီး စိုက်ပျိုးကုန်ကျစရိတ် အနေနဲ့ တဧက ကျပ် ၈ သိန်းလောက်ကုန်ကျခဲ့တာဖြစ်ပြီး အခုလက်ရှိ မိုးရွာပျက်စီးမှုကြောင့် နှမ်းထွက်နှုန်းနဲ့ သုံးပုံတပုံသာ ဆယ်ယူနိုင်တော့မယ်လို့ ဒေါ်သင်းထူးဆန်းက ပြောပါတယ်။

“နှမ်းကလည်း တအားအသီးကောင်းတယ်ဆိုတော့ ဒီပြင်ခြေရင်းကနေထိပ်ဖျား အထိ ကောင်းတယ်ဆိုတော့ အစီး ၁၀၀ ကို တပုံးခွဲအဲလိုနီးပါးရတော့ အကယ်၍ထွက်ရင်တော့ ၈၀ ကျော် ၉၀ လောက်တော့ရမယ်။ ငွေပေါ့။ အခုကတော့ သုံးပုံတပုံလောက်ပဲ ပြန်ရတော့မယ်လို့ ထင်တာပေါ့နော်။”

ရိတ်ပြီးသားနှမ်းတွေကို အခုဆယ်ယူနိုင်တဲ့တောင်သူရှိသလို မရိတ်ရသေးတဲ့နှမ်းခင်းတွေရှိ နေသေးတဲ့အတွက် မရိတ်သိမ်းရတဲ့အခင်းတွေကတော့ ပျက်စီးကုန်တယ်လို့လည်းပြောပါတယ်။

ဒီလိုအလားတူပဲ ကုန်းသာကျေးရွာမှာလည်း ပြောင်းဖူးဧက ၅၀ ကျော်လည်းစိုက်ပျိုးထားပြီး အဲဒီပြောင်းခင်းတွေလည်း ရေဝင်နေပါတယ်။ 

ဒီနေ့အထိ ရေဝင်နေတာ ၃ ရက်ရှိနေပြီဖြစ်ပြီး ရေမကျပဲ ဒီတိုင်းသာရေက ဆက်လက်ရှိ နေမယ်ဆိုရင် ပျောင်းခင်းအားလုံးပျက်စီးနိုင်တယ်လို့လည်း ပြောင်းစိုက်တောင်သူ ဦးငိုင်းက ပြောပါတယ်။

“အခုစိုက်ပျိုးထားတဲ့ဟာကတော့ ၃ လလောက်ရှိနေပြီ။ သို့သော်လည်း ဒီရေက သုံးလေးရက် ခံတယ်ဆိုရင်တော့ ပျက်စီးတဲ့သဘောပေါ့။ မလှတော့ဘူး။ ရောင်းလည်းမထွက်တော့ဘူးပေါ့။ အသီးလည်းမရင့်တဲ့အတွက်ကြောင့်ပေါ့။ ဒီလိုမျိုးပျက်စီးရင်တော့ ဝင်ငွေများဆုံးရှုံးပြီး မိသားစု ပေါ်လည်း အများကြီးထိခိုက်မှာပေါ့။ ”

ပြောင်းခင်းတွေသာ ရေဝင်ပျက်စီးမှုမရှိရင် တဧက ပိဿာချိန် ၂၅၀၀ လောက်ရရှိနိုင်ပေမယ့် အခုလို ပျက်စီးမှုနဲ့ရင်ဆိုင်ရရင်တော့ အခက်အခဲများစွာ ဖြစ်ပေါ်နိုင်တယ်လို့လည်း ဦးငိုင်းက ပြောပါတယ်။

အလားတူပဲ ပြောင်းနဲ့နှမ်းမစိုက်ဘဲ စပါးစိုက်ပျိုးတဲ့တောင်သူတွေဟာလည်း အခုနှစ်မိုး ခေါင် တာကြောင့် စပါး စိုက်ပျိုးနောက်ကျခဲ့ရပြီး အခု စပါးစိုက်ပျိုးပြီး ၁၅ ရက်အကြာမှာပဲ စပါးခင်းထဲရေဝင်ကုန်တဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

“အခုမြုပ်တာကတော့ ၆ ဧကလောက်ရှိမယ်ထင်တယ်။ စပါးက ၁၅ ရက်လောက်ရှိပြီ ထင်တယ်။ ရေမြုပ်တာက ၃ ရက်ရှိပြီပေါ့။ အခုက ရေလည်းမကျသေးဘူး။ ရေက ဒူးလောက်ကျော်တယ်။ စပါးက ၆ လက်မပဲ ရှိသေးတယ်ဆိုတော့ လုံးဝမရတော့ဘူးလေ။ ပျက်ကုန်မှာပဲ။ ” လို့စပါးစိုက် တောင်သူ ဦးအုန်းစံက ပြောပါတယ်။

တောင်သူတွေအနေနဲ့ တနှစ်မှတခါသာ အခုလို စိုက်ပျိုးစားသောက်ကြတဲ့အတွက် ဒီလိုပျက်စီးမှုနဲ့ကြုံရတဲ့အခါမှာ အခက်အခဲများစွာဖြစ်ပေါ်နိုင်တယ်လို့လည်း ပြောပါတယ်။

လက်ရှိရေကြီးမှုဟာ မိုးများပြီးရေလျှံလာတာဖြစ်ပြီး ချောင်းရေမတက်သေးဘဲမိုးရေကြောင့် ရေဝင်နေတာလို့ဆိုပါတယ်။

လွန်ခဲ့တဲ့ ၇ နှစ်လောက်တုန်းကတော့ အခုလို ရေကြီးမှုတွေကြုံတွေ့ခဲ့ရဖူးတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013