
ရန်ကုန်မှာ ၅ လအတွင်း ဘတ်စ်ကားမှတ်တိုင်နဲ့ YBS ယာဉ်တွေပေါ် လှုပ်ရှားနေတဲ့ ခါးပိုက်နှိုက် ၁၇၀ ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်း စစ်အာဏာရှင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
စစ်တပ် အာဏာသိမ်းပြီးကတည်းက ရန်ကုန်မြို့မှာ YBS စီးနင်းတဲ့ ခရီးသွားပြည်သူတွေကို အနိုင်ကျင့် ဗိုလ်ကျနေတဲ့ ခိုးဆိုးလုနှိုက် အရေအတွက် သိသိသာသာ များပြားလာပြီး ထိရောက်တဲ့ ဖမ်းဆီးနှိမ်နင်းမှုတွေ မလုပ်ဆောင်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
ခါးပိုက်နှိုက်အများစုဟာ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း စတဲ့ မြို့ပြင် မြို့နယ်တွေကို အခြေပြုပြေးဆွဲတဲ့ YBS ယာဉ်လိုင်းတွေအပြင် မြို့တွင်းဧရိယာမှာ ပြေးဆွဲနေတဲ့ ၅၆၊ ၅၇၊ ၅၈ တို့လို မြို့ပတ် YBS ယာဉ်လိုင်းတွေပေါ်မှာလည်း လိုက်လံခိုးယူနေကြတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ခံတယောက်က “အဆိုးဆုံးက လှိုင်သာယာ-ဆူးလေ ပြေးတဲ့ ၆၁ နဲ့ ရွှေပြည်သာ-သာကေတ ပြေးတဲ့ ၄၂ လိုင်းတွေက အဆိုးဆုံးပဲ။ ဓားထောက်ပြီး လုတာတွေ၊ ဓားပြတိုက်တာတွေအထိပါ ဖြစ်နေတာ ကြာပြီ။ တခါမှ မိတဲ့အသံလည်း မကြားဘူး။ မြို့ပတ်လိုင်းတွေပေါ်မှာဆိုလည်း ခါးပိုက်နှိုက်တွေချည်းပဲ” လို့ ပြောပါတယ်။
ရန်ကုန်တိုင်း စစ်အာဏာရှင် ရဲတပ်ဖွဲ့ရဲ့ ကြေးနန်းတွေအရ ၂၀၂၆ ဇန်နဝါရီကနေ မေ ၂၂ ရက်အထိ YBS ယာဉ်တွေပေါ်နဲ့ ဘတ်စ်ကားမှတ်တိုင်တွေမှာ အခြေပြု လှုပ်ရှားနေတဲ့ ခါးပိုက်နှိုက် ၁၇၄ ယောက် ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအထဲမှာ အမျိုးသမီး ၂၁ ယောက် ပါဝင်ကာ ကျန် ၁၅၃ ယောက်ဟာ အမျိုးသားတွေ ဖြစ်တယ်လို့ သိရပြီး ဒါဟာ ခဏတာ အဖမ်းပြတာဖြစ်ပြီး ရက်ပိုင်းနဲ့ ပြန်လွှတ်ပေးနေကြတာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ခဏ ဖမ်းပြတာလေ။ ပြီးရင် မကြာဘူး ပြန်လွှတ်တာပဲ။”
အဲဒီ ဖမ်းမိတဲ့ ၁၇၄ ယောက်ထံက ငွေကျပ် သိန်း ၈၀ ကျော်နဲ့ လက်ကိုင်ဖုန်း အလုံး ၂၂၀ ကျော် သိမ်းဆည်းရမိခဲ့တဲ့ပြင် အမှုပေါင်း ၂၀၅ မှုနဲ့ အမှုဖွင့် အရေးယူခဲ့တယ်လို့ သိရပါတယ်။










