DVB Logo
Home
ကျန်းမာရေး
အသည်းရောင်အသားဝါ စီပိုးကို ဘယ်လိုကုသလဲ
DVB
·
July 25, 2020
အသည်းရောင်အသားဝါ စီပိုးကို ဘယ်လိုကုသလဲ
Donate to DVB

အသည်းကင်ဆာအဖြစ်နိုင်ဆုံး အကြောင်းရင်းဖြစ်တဲ့ အသည်းရောင်အသားဝါ စီပိုးကူးစက်ခံရရင် ဘယ်လိုနည်းလမ်းတွေနဲ့ ပျောက်ကင်းအောင်ကုသလို့ရလဲဆိုတာ ပြောပြပေးသွားပါ့မယ်

အသည်းရောင်အသားဝါ စီပိုးက ရောဂါပိုးရှိသူရဲ့ သွေးကနေတဆင့် အဓိက ကူးစက်ပါတယ်။ နောက်ပြီး ဆေးထိုးအပ်တွေ မျှဝေသုံးစွဲတာ၊ လိင်ဆက်ဆံမိရာကနေလည်း ကူးစက်ခံရနိုင်ပါသေးတယ်။ အသည်းရောင် အသားဝါ စီပိုးကကြောက်စရာကောင်းပေမဲ့ ကူးစက်ခံရတဲ့လူတိုင်းလည်း ကုသမှုခံယူစရာ မလိုအပ်တာကိုတွေ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် တချို့ကိုယ်ခံအားအရမ်းကောင်းတဲ့သူတွေမှာ စီပိုးကို ခန္ဓာကိုယ်က သူ့ဘာသာရှင်းထုတ်ပစ်လိုက်တဲ့အတွက် ဖြစ်ပါတယ်။

ကံကောင်းတဲ့ အချက်က စီပိုးကို လုံးဝပျောက်ကင်းအောင်ကုသလို့ရနေပါပြီ။ အဓိကနည်းလမ်း (၂) ခုသုံးပြီး ကုသလို့ရပါတယ်။ ဗိုင်းရပ်စ်ပိုးတွေကိုနှိမ်နင်းပစ်ပြီး ရောဂါပျောက်ကင်းအောင် ကုသတဲ့နည်းနဲ့ အသည်းအစားထိုး ကုသနည်းတို့ပဲ ဖြစ်ပါတယ်။

ဆေးဖြင့်ကုသနည်း


အရင်တုန်းက သုံးခဲ့တဲ့ အသည်းရောင်အသားဝါစီပိုးကုသဆေးတွေက အခုလောက်ထိရောက်မှုမရှိသလို ဘေးထွက်ဆိုးကျိုးလည်းများပါတယ်။ ဒီဆေးတွေက ဗိုင်းရပ်စ်ကို နှိမ်နင်းတာမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ခုခံအားကို မြှင့်တင်ပေးပြီး ဗိုင်းရပ်စ်ကို ပြန်တိုက်ထုတ်နိုင်အောင် အားပေးတာဖြစ်ပါတယ်။ ဆေးသောက်သုံးသူရဲ့ တစ်ဝက်လောက်ပဲ ရောဂါပျောက်ကင်းတာကိုတွေ့ရပြီး နှစ်နဲ့ချီပြီးဆေးသောက်ဖို့လည်း လိုအပ်ပါတယ်။ ဒါပေမဲ့အခုခေတ်မှာတော့ တိုးတက်လာတဲ့ ဆေးဝါးသုတေသနတွေနဲ့ နည်းပညာတွေကြောင့် လအနည်းငယ်လောက်နဲ့တင် ပျောက်ကင်းအောင်ကုသလို့ရနေပါပြီ။

အသည်းရောင်အသားဝါစီပိုးကုသဆေးမျိုးစုံရှိပါတယ်။ ဘာကြောင့်လဲဆိုရင် အသည်းရောင်အသားဝါ စီပိုး အမျိုးအစားတွေ အများကြီးရှိတဲ့အတွက်ဖြစ်ပြီး အဖြစ်အများဆုံးကတော့ အသည်းရောင်အသားဝါစီပိုး Type-1 အမျိုးအစားဖြစ်ပါတယ်။ အမျိုးအစားအကုန်လုံးကို နှိမ်နင်းနိုင်တဲ့ဆေးရယ်လို့တော့ မရှိပါဘူး။ ကိုယ့်မှာဖြစ်နေတဲ့ အသည်းရောင်အသားဝါ စီပိုးအမျိုးအစားရယ်၊ အသည်း ဘယ်လောက်ထိပျက်စီးနေသလဲဆိုတာရယ်၊ ဒီအချက် (၂) ချက်အပေါ်မူတည်ပြီး သောက်ရမယ့်ဆေးကို ဆရာဝန်က ရွေးပေးမှာဖြစ်ပါတယ်။ များသောအားဖြင့် ဒီဆေးတွေက သုံးစွဲသူ ၉၀% ကျော်မှာ ထိရောက်မှုရှိပြီး ဆေးစသောက်ချိန် ၁၂ ပတ်ကနေ ၂၄ ပတ်အတွင်းမှာတင် ကိုယ်ထဲက စီပိုးတွေကိုရှင်းထုတ်ပေးနိုင်တာ ကိုတွေ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်တွေကတော့ စီပိုးကုပြီဆိုရင် ပိုက်ဆံတအားကုန်ပေမဲ့ အခုချိန်မှာတော့ Generic ဆေးတွေပါ ထုတ်လုပ်ရောင်းချလာတဲ့အတွက် ကုန်ကျစရိတ်အတော်လေးသက်သာသွားပါပြီ။

အသည်းရောင်အသားဝါ စီပိုးကိုပျောက်ကင်းအောင် ကုသနိုင်ပေမဲ့ လူတိုင်းအတွက်လက်လှမ်းမှီဖို့ ခက်ခဲနေဆဲပါ။ ၂၀၁၇ ခုနှစ်မှာတင် တစ်ကမ္ဘာလုံးမှာ စီပိုးကူးစက်ခံရသူ သန်း ၇၀ ကျော်ရှိပေမဲ့ ဒီအထဲက ၂၀% လောက်ပဲ ကိုယ့်မှာစီပိုးရှိမှန်းသိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ နောက်ပြီး ရောဂါရှိသူတွေထဲက ၅ သန်းလောက်ပဲ စီပိုးကိုပျောက်ကင်းသည်အထိ ကုသမှုခံယူခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကရည်ရွယ်ထားတဲ့ ခုနှစ် ၂၀၃၀ မှာ စီပိုးရောဂါရှိသူ ၈၀% လောက်ကို ရောဂါပျောက်ကင်းအောင် ကုသနိုင်ရေးဆိုတဲ့ ရည်မှန်းချက်နဲ့တော့ အတော်လေးဝေးကွာနေဆဲလို့ ဆိုရမှာပါပဲ။

အသည်းအစားထိုးကုသနည်း


စီပိုးကြောင့် နာတာရှည်အသည်းထိခိုက်မှုဖြစ်ပြီး အသည်းပျက်စီးနေတဲ့သူတွေမှာတော့ အသည်းအစားထိုး ကုသနည်းက ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ အသည်းတစ်ခုလုံး အစားထိုးတာရှိသလို ကျန်းမာတဲ့အသည်းရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ဖဲ့ပြီးလှူဒါန်းတာလည်းရှိပါတယ်။ တစ်ခုသိထားဖို့လိုတာက အသည်းအစားထိုးလိုက်ရုံနဲ့ အသည်းရောင်အသားဝါ စီပိုးကပျောက်မသွားပါဘူး။ စီပိုးကို သတ်နိုင်ဖို့ ဆေးတွေ ထပ်သောက်ဖို့လိုအပ်ပါတယ်။ နို့မဟုတ်ရင် အစားထိုးထားတဲ့အသည်းအသစ်လေးပါ စီပိုးကြောင့်ပျက်စီးသွား နိုင်ပါတယ်။

အခုချိန်ထိတော့ အသည်းရောင်အသားဝါ စီပိုးအတွက် ကာကွယ်ဆေးလည်း မပေါ်သေးပါဘူး။ အသည်းရောင် အသားဝါ အေနဲ့ ဘီအတွက်ပဲ ကာကွယ်ဆေးထိုးလို့ရပါသေးတယ်။ ဒါ့ကြောင့် ကိုယ့်ဖာသာ ရောဂါကူးစက်မခံရအောင်နေဖို့ အရေးကြီးပါတယ်။ ဆေးသောက်ပြီး ပျောက်ကင်းအောင်ကုသနိုင်ပေမဲ့လည်း မပေါ့ဆသင့်ပါဘူး။ ဆေးသောက်လို့ စီပိုးပျောက်သွားရင်တောင် အသည်းမှာတော့ ထိခိုက်မှုအနည်းနဲ့အများ ဖြစ်သွားနိုင်ပါတယ်။ နောက်ပြီး အသည်းရောင်အသားဝါစီပိုးက ကုသလို့ပျောက်သွားလည်း နောက်တစ်ခါထပ်ကူး၊ ထပ်ဖြစ်နိုင်ပါသေးတယ်။ တချို့ရောဂါတွေလို တသက်လုံးခုခံနိုင်စွမ်းရသွားမှာမဟုတ်ပါဘူး။ အရေးကြီးဆုံး မှာချင်တဲ့အချက်ကတော့ အသည်းရောင်အသားဝါ စီပိုးကုသဆေးတွေ အမျိုးအစားအများကြီးရှိပြီး လူတစ်ယောက်နဲ့တစ်ယောက်လည်း ပေးတဲ့ဆေးမတူညီနိုင်ပါဘူး။ ဒါ့ကြောင့် စီပိုးကိုကုသတော့မယ်ဆိုရင် ကိုယ့်ဖာသာထင်ရာမြင်ရာဆေးတွေနဲ့မကုသဘဲ ဆရာဝန်နဲ့သေချာ စမ်းသပ်စစ်ဆေးမှုခံယူပြီးမှ ညွှန်ကြားတဲ့အတိုင်း လိုက်နာသောက်သုံးဖို့ တိုက်တွန်းချင်ပါတယ်။

ရေးသားသူ – Dr.Htoo Tint


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013