ချီလီနိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးတာ၊ လျှပ်စစ်မီးပြတ်တောက်တာနဲ့ လမ်းပိတ်တာတွေဖြစ်နေတယ်လို့ ဇူလိုင် ၁၇ ရက်မှာ အာဏာပိုင်တွေက ပြောပါတယ်။
အစိုးရရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်အထိ လူ ၃ ယောက်သေဆုံးခဲ့ပြီး အဲဒီထဲမှာ တောင်ပိုင်း နေဂရေ့တေးမြို့က လမ်းရှင်းနေတဲ့ အလုပ်သမားတယောက်၊ တယ်မူကိုမြို့မှာ ခေါင်မိုး ရှင်းလင်းရင်း ပြုတ်ကျသူတယောက်နဲ့ မြို့တော်မှာ လျှပ်စစ်ရှော့ခ်ဖြစ်ပြီး သေဆုံးသူတယောက်တို့ တို့ ပါဝင်ပါတယ်။
မုန်တိုင်းကြောင့် တိုင်းပြည်နေရာအတော်များများမှာ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် သမ္မတ ဟိုဆေး အန်တိုနီယို ကတ်စ်ကတော့ အဆိုးရွားဆုံး ထိခိုက်ခဲ့တဲ့ ဘီယိုဘီယို ဒေသကို သွားရောက်ခဲ့ပါတယ်။
ဆီနာပရက်ဒ် အရေးပေါ်စီမံခန့်ခွဲမှုအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး အလီစီယာ ဆီဘရီယန်က လက်ရှိအချိန်အထိ လူ ၇ ယောက်ဒဏ်ရာရထားပြီး ၇၉ ယောက်ဘေးဒုက္ခကြုံတွေ့နေရသလို၊ ၄၆၆ ယောက် ကတော့ ခိုလှုံရေးစခန်းတွေမှာ ရောက်နေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ရေမျက်နှာပြင် မြင့်တက်လာတာကြောင့် အဓိကအားဖြင့် ကိုကွင်းမ်ဘို ဒေသက လူပေါင်း ၁၅၈ ယောက် လမ်းပိတ်မိနေပါတယ်။
မုန်တိုင်းဒဏ်ကို အာဏာပိုင်တွေ ဆက်လက်ဖြေရှင်းနေရဆဲဖြစ်ပြီး အဓိကအားဖြင့် နိုင်ငံတောင်ပိုင်းက သုံးစွဲသူအိမ်ထောင်စုပေါင်း ၂ သိန်းခွဲကျော် လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။
မုန်တိုင်းက တိုင်းပြည်အနှံ့ ဆက်လက်ရွေ့လျားနေတာမို့ သောကြာနေ့မှာ နိုင်ငံအလယ်ပိုင်း ဒေသတွေမှာ မိုးအသည်းထန်ဆုံးရွာနိုင်တယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။
Source: Reuters











