
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေးဝ-ယာကြီး-မုံရွာလမ်းပိုင်းကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်အာဏာရှင်က ဇူလိုင် ၇ ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ မြေပြင်မှာရှိတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ နိုင်ငံရေးလေ့လာသူတွေကတော့ ဒီထုတ်ပြန်ချက် ဟာ ဝါဒဖြန့်မှုသက်သက်သာ ဖြစ်ကြောင်း တုံ့ပြန် ပြောပါတယ်။
တလကျော်ကြာ စစ်ကြောင်းတွေခွဲပြီး နယ်မြေရှင်းလင်းခဲ့ရာ လမ်းတလျှောက်က ကျေးရွာတွေကို သိမ်းပိုက်ပြီး ကလေးဝမြို့မှာရှိတဲ့ တပ်တွေနဲ့ချိတ်ဆက်နိုင်ခဲ့တာကြောင့် ကလေးဝ-ယာကြီး-မုံရွာ လမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ဇူလိုင် ၇ ရက်မှာ စစ်တပ်က ထုတ်ပြန်ပါတယ်။
ဒါကြောင့် ၁၁၅ မိုင်ရှည်လျားတဲ့ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတခုလုံးမှာ ကုန်တင်ယာဉ်တွေ ပုံမှန်အတိုင်းသွားလာနိုင်ပြီလို့ ကြေညာပေမဲ့ ယင်းမာပင်ခရိုင်အခြေစိုက် မြေပြင်ရဲဘော် တယောက် ကတော့ ဒီထုတ်ပြန်ချက်ဟာ ဝါဒဖြန့်သက်သက်လို့ ပြောပါတယ်။
ယင်းမာပင်ခရိုင် ရဲဘော်တယောက်က “သူတို့ထိန်းချုပ်နိုင်တာက ၂၀ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းက ဒေသခံတော်လှန်ရေး တပ်ဖွဲ့တွေပဲ ဆက်ပြီးတော့ထိန်းထားပါတယ်။ အဲဒီလမ်းတလျှောက်မှာဆို စစ်ကောင်စီရှိတဲ့ နေရာတွေက ရွှေတောင်ဦးကုန်းထိပ်ရယ်၊ ဘန့်ဘွေးပျူရွာရယ်၊ ချောင်းမရယ်၊ နောက်တခု ယာကြီးတာဝါတိုင်ရယ် အဲဒီ ၄ နေရာပဲရှိပါတယ်။ ကျန်တဲ့နေရာတွေအားလုံးက ကျနော်တို့ PDF တွေရဲ့လက်ထဲမှာပဲ ရှိနေပါသေးတယ်။ စစ်အာဏာရှင်ဘက်က ဝါဒဖြန့်သလိုမဟုတ်ပါဘူး။ နယ်မြေစိုးမိုးမှုကတော့ ဟုတ်ပါတယ်။ စစ်အာဏာရှင်ဘက်က အတိုင်းအတာတခုထိ ရသွားတဲ့အနေအထားတော့ ရှိသွားတာပေါ့နော်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ မုံရွာကနေ ကလေးဝဆီကို တကြောင်းထိုးပုံစံနဲ့ အမြန်ရောက်ရှိအောင် တွန်းထိုးတက်လာခဲ့တာဖြစ်ပြီး အခုရက်ပိုင်းအထိ မင်းကင်းမြို့နယ်ထဲမှာ ထိတွေ့မှုတချို့ ဆက်ရှိ နေတုန်း ဖြစ်ပါတယ်။
အထူးသဖြင့် ကျော်ကျေးရွာဝန်းကျင်မှာ တိုက်ပွဲမပြီးသေးသလို ရာသီဥတု အခြေအနေအရလည်း လမ်းပန်းဆက်သွယ်ရေးမှာ အခက်အခဲရှိနေတုန်းပဲလို့ မင်းကင်းအခြေစိုက် ရဲဘော်တယောက်က ပြောပါတယ်။
မင်းကင်းအခြေစိုက် ရဲဘော်တယောက်က “လောလောဆယ်တော့ သွားလို့မရသေးပါဘူး။ အဓိက တော့ မိုးလေဝသက တပိုင်းပေါ့။ နောက်တခုက အဲဘက်မှာ ကလေးဝ-ယာကြီးလမ်းရဲ့ အဓိက မိန်းကျတဲ့နေရာက မင်းကင်းမြို့နယ်ပေါ့... ဟိုဟာ ကျော်ရွာမှာပွဲကနေတာ မပြီးသေးဘူးမို့။ တကယ်လို့ ပွဲပြီးရင်တောင်မှ လမ်းတွေက ဒီရာသီနဲ့တော့ အဆင်မပြေသေးပါဘူး”လို့ ပြောပါတယ်။
ဒါကြောင့် စစ်တပ်က ဒီလမ်းပိုင်းတွေကိုထိန်းချုပ်ဖို့ကြိုးပမ်းတာဟာ အိန္ဒိယ-မြန်မာ-ထိုင်း ( ၃ နိုင်ငံ အဝေးပြေးလမ်းစီမံကိန်း) လမ်းကြောင်း ဖြစ်တာကြောင့် နိုင်ငံရေးမြတ်ထုတ်လိုတာနဲ့ တပ်တွင်း စိတ်ဓာတ် မြှင့်တင်ပေးလိုတာကြောင့် ဖြစ်နိုင်တယ်လို့ စစ်ကိုင်းနယ်ခံနိုင်ငံရေးသမားက သုံးသပ် ပါတယ်။
စစ်ကိုင်းနယ်ခံ နိုင်ငံရေးသမား ကိုစိုးဝင်းဆွေက “အိန္ဒိယဘက်ကတော့ အိမ်နီးချင်းပထမ ပေါ်လစီတို့ ဘာတို့နဲ့ကြည့်မယ်ဆိုရင်တော့ အာဆီယံကိုဆက်သွယ်တဲ့ဝင်ပေါက်အနေနဲ့ အဓိက အိန္ဒိယဘက်က ဒါကိုစိတ်ဝင်စားတော့ အရေးပါတဲ့ပုံစံတော့ရှိတာပေါ့။ သို့သော် အရေးပါတယ်လို့သာဆိုတာ မိုးရာသီရောက်ရင် ပျက်မြဲ၊ ဆိုးမြဲ၊ ဒုက္ခရောက်မြဲပဲသွားရ လာရတာ။ အဲတော့ အကြမ်းဖက် စစ်တပ် အနေနဲ့က သူရဲ့တပ်တွင်းက တပ်သားတွေကိုပေါ့ဗျာ။ မိုတီပေးချင်လို့ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်လို့ပဲ ကျနော်ကတော့ ရှုမြင်ပါတယ်။ ဒီလမ်းပိုင်းတလျောက် ဒီလောက်ဆိုးဆိုးရွားရွား ကျင်းတွေ၊ ချိုင့်တွေ ဗွက်တွေနဲ့ ဒီလောက်သွားရ လာရခက်တဲ့ဟာကြီးကို စိုးမိုးထားတယ်လို့ ပြောတာကတော့ ဝါဒဖြန့်ချိရေးသက်သက်ပါပဲ မဖြစ်နိုင်ပါဘူး။”
စစ်အာဏာရှင်ဟာ သူတို့ရဲ့ စစ်ဆင်ရေးအောင်မြင်ကြောင်း ထုတ်ပြန်နေပေမဲ့ မြေပြင်မှာ တိုက်ပွဲ ဆက်ရှိနေသလို တမူး-ခါမ်းပါတ်-ကလေးလမ်းပိုင်းကိုလည်း မထိန်းချုပ်နိုင်သေးပါဘူး။
ဒါအတူ လမ်းပိုင်းအများစုကို PDF တွေက ဆက်လက်စိုးမိုးထားတာနဲ့ မိုးရာသီလမ်း အခြေအနေ တွေကြောင့် ကလေးဝ-ယာကြီး-မုံရွာလမ်းပိုင်းကို ပုံမှန်အတိုင်းအသုံးပြုနိုင် ဖို့ခက်ခဲနေဆဲ ဖြစ်တဲ့ အကြောင်း သိရပါတယ်။
စိုးသူအောင်










