
စစ်ကိုင်းတိုင်းအတွင်းက အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ ကလေး-တမူး အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်အာဏာရှင်တပ်က ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကတည်း က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပါတယ်။
တမူးမြို့ဘက်ကနေ စစ်ကြောင်း တကြောင်း၊ ကလေးမြို့ဘက်ကနေ စစ်ကြောင်း နှစ်ကြောင်းနဲ့ နှစ်ဘက်ညှပ် ထိုးစစ်ဆင်ခဲ့ပြီးတဲ့နောက် ဇူလိုင်လ နောက်ဆုံးအပတ်မှာတော့ စစ်ကြောင်းတွေ ပေါင်းမိတော့မယ့်အခြေအနေနဲ့ လမ်းကြောင်းတခုလုံးကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်နိုင်တဲ့ အနေအထားမှာရှိနေတာပါ။
စစ်ကြောင်းတွေဟာ ဇွန် ၂၀ ရက်မှာ ခါမ်းပါတ်မြို့၊ ဇွန် ၃၀ ရက်မှာ ကနန်ရွာတို့ကို ထိန်းချုပ်ခဲ့ပြီး ဇူလိုင်လအတွင်းမှာတော့ ကမ္မကြီးရွာနှစ်ရွာ ၊ ထင်းဇင်၊ ဘုတ်ကန်၊ ဝိတုတ်၊ တီးတိန်ရံ၊ ရန်တိုင်းအောင်နဲ့ တွီဘန်ကျေးရွာ အများအပြားကို ဆက်တိုက် ထိန်းချုပ်သွားခဲ့တာဖြစ်ပါတယ်။
စစ်ရေးရင်းမြစ်က “အကုန်ပြန်ပါသွားပြီ။ လောလောဆယ်ခွာစစ်ပုံစံနဲ့ တော်လှန်ရေးဘက်က ပြင်နေတဲ့ အနေအထားမှာရှိတယ်” လို့ ပြောပါတယ်။
အခုထိုးစစ်ဟာ စစ်အာဏာရှင် မင်းအောင်လှိုင် အိန္ဒိယနိုင်ငံကို သွားရောက်ပြီး အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ အဝေးပြေးစီမံကိန်းနဲ့ ကုလားတန်စီမံကိန်းတွေ ပြန်စဖို့ ပြောဆိုပြီးနောက်မှာ ထွက်ပေါ်လာ တာပါ။
စစ်ကြောင်းတွေမှာ အိန္ဒိယအခြေစိုက် ကသည်းလက်နက်ကိုင်တွေနဲ့ ရှမ်းနီ (SNA) အဖွဲ့တွေက လည်း စစ်တပ်နဲ့အတူ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရ ပါတယ်။
စစ်ကြောင်းတွေကြောင့် လမ်းဘေးဝဲယာက ဒေသခံ သောင်းနဲ့ချီဟာ အိန္ဒိယဘက်ဆီ ထွက်ပြေးကြ ရသလို ကလေးမြို့ပေါ်နဲ့ နီးစပ်ရာ တောတောင်တွေထဲ ပြေးလွှားနေကြရပါတယ်။
ဇွန်လကတည်းက ကလေးမြို့ပေါ်ကို ပြေးလာတဲ့ အိမ်ထောင်စု ၄၆၀ လောက်ရှိပြီး မြို့ပေါ်ရောက် စစ်ရှောင်တွေဟာ စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုဒဏ်ကို ဆက်လက်ခံနေရတယ်လို့ ကလေးမြို့ခံ တယောက်က DVB ကို ပြောပါတယ်။
“ပြီးခဲ့တဲ့ ဇွန်လကတည်းက အခုထိ အိမ်ထောင်စု ၄၆၀ လောက် ကလေးဘက်ကို ပြေးလာကြတယ်။ တချို့က စုနေသလို တချို့တွေက အိမ်ငှားနေနေကြတယ်။ ကလေးမြို့ပေါ်မှာက အရင်ကတည်းက ပေါ်တာအဆွဲကြမ်းနေတာဆိုတော့ ပြေးလာတဲ့သူတွေကို သူတို့က ဖမ်းပြီး တတ်နိုင်တဲ့သူတွေက သိန်းရာဂဏန်းနဲ့ ရွေးခိုင်းတယ်။ ပြီးတော့ အစားထိုးဖို့ အခြားသူတွေ ပြန်ဖမ်းတယ်၊ အဲ့လိုမျိုးနဲ့ လည်ပတ်နေတာ စီးပွားရေးဆန်ဆန်ပေါ့။ အခုတောင် စမ်းမြို့ရပ်ကွက်ထဲက ဗိုလ်ချုပ်လမ်းထဲမှာ အရပ်ဝတ်တွေနဲ့ စစ်ကားလည်းမသုံးဘူး၊ အများကြီးပဲတွေ့လိုက်တယ်။ လမ်းသွားလမ်းလာကအစ သတိနဲ့သွားကြပါလို့၊ မဟုတ်ရင်တော့ နေ့ခင်းဘက်လည်း ပါမှာပဲ။”
ဒါ့အပြင် တောတောင်ထဲ ခန့်မှန်းခြေ လူဦးရေ သုံးသောင်းကျော် စစ်ရှောင်နေရပြီး အခြေခံ လူသုံးကုန်၊ မိုးကာနဲ့ ငှက်ဖျားကာကွယ်ဆေးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး DVB က တမူးခရိုင် အမှတ် (၂) တပ်ရင်းကို ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ သတင်းထုတ်လွှင့်ချိန်အထိ ပြန်လည်ဖြေဆိုခြင်း မရှိသေးပါဘူး။
မောရစ်










