တရုတ်နိုင်ငံရဲ့ လက်ရွေးစင်ဘောလုံးအသင်းဟာခြေစစ်ပွဲ မအောင်တာကြောင့် တရုတ်ဘောလုံး ပရိသတ်တွေဟာ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရတဲ့ တရုတ်ဒိုင်လူကြီး မာနင်းကိုပဲ နိုင်ငံကိုယ်စားပြုအဖြစ် ဝိုင်းဝန်းအားပေးနေပါတယ်။
တခြားနိုင်ငံတွေက ဘောလုံးအသင်းသားတွေ အမေရိကကို ထွက်ခွာဖို့ စုပေါင်း ဓာတ်ပုံရိုက်ထားတဲ့ပုံနဲ့ မာနင်း တယောက်တည်း ခရီးဆောင်အိတ်ဆွဲလာတဲ့ပုံကို တွဲထားတဲ့ မီးမ် (Meme) ဟာ လူမှုကွန်ရက်မှာ နာမည်ကြီးနေပါတယ်။
ဒါကြောင့် အသက် ၄၆ နှစ်အရွယ် မာနင်းကို လီနိုဗိုနဲ့ ဟိုက်ဆန်းစ် အပါအဝင် တရုတ် နာမည်ကြီး ကုမ္ပဏီတွေကပါ စပွန်ဆာ ပေးလာကြပါတယ်။
သူဟာ ၂၀၁၅ ခုနှစ်က ရှန်ဟိုင်းမှာကန်တဲ့ ဘောလုံးပွဲတပွဲမှာ အဝါကတ် ၉ ကတ်နဲ့ အနီကတ် ၃ ကတ်အထိ ပြသခဲ့တာကြောင့် "ကတ်မာစတာ" ဆိုတဲ့ နာမည်ပြောင်နဲ့ ထင်ရှားပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်က ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း မာနင်းဟာ စတုတ္ထဒိုင်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။
လာမဲ့ ဇွန် ၁၁ ရက်မှာ စတင်မဲ့ ဒီပြိုင်ပွဲအတွက် သူနဲ့အတူ လက်ထောက်ဒိုင် ကျိုဖေးနဲ့ ဗီဒီယို လက်ထောက်ဒိုင် ဖူမင် တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။
မာနင်းဟာ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်ကမှ တရုတ်လူမှုကွန်ရက်တခုဖြစ်တဲ့ RedNote မှာ အကောင့်ဖွင့်ခဲ့ပေမဲ့ လက်ရှိမှာတော့ Follower ၂ သိန်းနီးပါး ရရှိနေပြီ ဖြစ်ပါတယ်။
တခြားနိုင်ငံတွေက ကိုယ့်အသင်းပွဲကို ကြည့်ရချိန်မှာ တရုတ်ပရိသတ်တွေကတော့ ကိုယ့်နိုင်ငံက ဒိုင်လူကြီး ကတ်ပြတာကိုပဲ ကြည့်ရတော့မယ်လို့ လူမှုကွန်ရက်မှာ ရေးသားနေကြပါတယ်။
တရုတ်ဘောလုံးအသင်းဟာ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားမှာ ဝင်ပြိုင်ခွင့်ရခဲ့ပြီး နောက်ပိုင်း ခြေစစ်ပွဲ အောင်မြင်တာမျိုး မရှိတော့ပါဘူး။










