DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲအတွက် ရေးမြို့နယ်၌ မဲရုံ ၁၃၀ နီးပါးလျာထား
DVB
·
July 1, 2020
၂၀၂၀ ရွေးကောက်ပွဲအတွက် ရေးမြို့နယ်၌ မဲရုံ ၁၃၀ နီးပါးလျာထား
Donate to DVB

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၊ ရေးမြိုနယ်မှာ မဲရုံ ၁၂၇ ရုံလျာထားပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက် မဲရုံ ၁၇ ရုံလောက် ပိုတိုးလာဖွယ်ရှိတယ်လို့ ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။

ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးညီသွေးက ''ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက မဲရုံ ၁၁၀ ရုံ၊ လာမယ့် ၂၀၂၀ မှာတော့ ၁၇ ရုံ တိုးပြီးတော့ လျာထားပါတယ်။ လျာထားပေမဲ့ အတိုးအလျှော့ရှိနိုင်ပါသေးတယ်။ လက်ရှိ ဆောင်ရွက်ချက်အနေနဲ့ကတော့ မဲဆန္ဒနယ်အလိုက် မဲရုံအရေအတွက်နဲ့ မဲရုံတည်နေရာတွေသတ်မှတ်လျာထားခြင်းနဲ့ မဲဆန္ဒရှင် စာရင်း ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်မှုတွေ လစဉ်ဆောင်ရွက်နေပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ရေးမြို့နယ်အတွင်း လက်ရှိအချိန်အထိ ကောက်ခံရရှိတဲ့ မဲပေးခွင့်ရှိသူဦးရေအနေနဲ့ ၂၀၃၀၀၀ ကျော်ရှိပြီး လာမယ့်ရွေးကောက်ပွဲမှာတော့ ၂၁၀၀၀၀ ကျော် ရှိလာ နိုင်တယ်လို့ခန့်မှန်းထားပါတယ်။

ပထမအကြိမ်မဲပေးမယ့်သူဦးရေကလည်း ၃၀၀၀၀ လောက်ရှိလာနိုင်ပြီး တပ်မဲရုံဆောင်ရွက်မှုအနေနဲ့ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်တွေနဲ့အညီ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ညှိနှိုင်းဆဲဖြစ်တယ်လို့ ဦးညီသွေးက ပြောပါတယ်။

ရေးမြို့နယ်အတွင်း အခြေစိုက်ပါတီပေါင်း ၇ ပါတီရှိပြီး အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တီပါတီ တို့ဖြစ်ကြပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ရေးမြို့နယ်မှာ ကောက်ခံရရှိခဲ့တဲ့ မဲဆန္ဒရှင် စာရင်းတွေအရ လူ ၅၀၀၀၀ ကျော် မှတ်ပုံတင်ဖြည့်သွင်းဖို့ ကျန်နေလို့ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက အပတ်စဉ် ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

လာမယ့် အထွေထွေရွေးကောက်ပွဲမှာတော့ ရေးမြို့နယ်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ၁ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ၂ ဦး စုစုပေါင်းကိုယ်စားလှယ် ၅ ဦး ရွေးကောက် တင်မြှောက် ရမှာဖြစ်ပါတယ်။

သတင်း- ဝင်းနိုင်သက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013