DVB Logo
Home
မြန်မာသတင်း
အင်းစိန်မြို့နယ်ကို stay at home အစီအစဉ်မှ ပယ်ဖျက်
DVB
·
June 30, 2020
အင်းစိန်မြို့နယ်ကို stay at home အစီအစဉ်မှ ပယ်ဖျက်
Donate to DVB

ရန်ကုန်တိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံလူနာ အများဆုံး တွေ့ခဲ့တဲ့ အင်းစိန်မြို့နယ်ကို ဇူလိုင် ၁ ရက်က စတင်ပြီး stay at home အစီအစဉ်ကနေ ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ ရန်ကုန်တိုင်းအတွင်း ၁၀ မြို့နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက ၁ မြို့နယ်  စုစုပေါင်း ၁၁ မြို့နယ်မှာ  stay at home အစီအစဉ်ကို သတ်မှတ်ခဲ့တာပါ။ 

လက်ရှိမှာတော့ အဲ့ဒီမြို့နယ်တွေ အားလုံးကို stay at home အစီအစဉ်ကနေ ပယ်ဖျက်ပေးပြီး ဖြစ်ပါတယ်။  ခုလို ဖြေလျှော့မှုတွေ လုပ်ခဲ့ပေမဲ့ စိတ်ချလက်ချ နေကြဖို့မဟုတ်ဘဲ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ သတိနဲ့နေကြဖို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက တိုက်တွန်း ပြောဆိုထားပါတယ်။ 

ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ခဲ့တဲ့ ၃ လတာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၂၈ မြို့နယ်အထိ ရောဂါပိုး ကူးစက်မှုရှိခဲ့ပါတယ်။ အခုဆိုရင်တော့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ ၂၃ မြို့နယ်အထိ ရောဂါပိုး ပြန်လည်ကင်းစင်သွားပြီဖြစ်ပြီးတော့ အဲ့ဒီအထဲမှာ အင်းစိန်မြို့နယ်လည်း ပါဝင်နေခဲ့တာပါ။ 

အင်းစိန်မြို့နယ်မှာ ကိုဗစ်-၁၉  ကူးစက်ခံလူနာ ၄၉ ဦးအထိရှိခဲ့တာဖြစ်ပြီး  အခုအချိန်မှာတော့ အဲ့ဒီလူနာတွေ အားလုံး ရောဂါပိုးကင်းစင် ပျောက်ကင်းသွားပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီကနေ့အထိ  ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၂၉၉ ယောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာတော့ အတည်ပြုလူနာ ၂၀၉ ယောက်အထိ ရှိတဲ့အတွက်  အတည်ပြုလူနာတွေရဲ့ ၇၀ ရာခိုင်နှုန်းရှိပါတယ်။ 

အခုတော့ ၁၆၇ ယောက်အထိ ရောဂါပိုး ပြန်လည် သက်သာသွားခဲ့ပါပြီ။ ရန်ကုန်တိုင်း အတွင်းက ကုသနေဆဲလူနာကတော့ ၃၇ ယောက်ပဲ ကျန်တော့တာပါ။ အဲ့ဒီလူတွေကတော့ ဗိုလ်တထောင်၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်နဲ့ မရမ်းကုန်း မြို့နယ်က လူနာတွေပဲ ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့တော့ ကယားပြည်နယ်တခုတည်းမှာသာ ကိုဗစ်-၁၉ ကူးစက်ခံရသူ မရှိသေးတာပါ။ နေပြည်တော်အပါအဝင်ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်သူတွေရှိခဲ့ပြီး ပြန်လည်ပျောက်ကင်းသွားတဲ့ တိုင်းနဲ့ပြည်နယ်တွေကတော့ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ  အတည်ပြုလူနာ ၂၉၉ ယောက်မှာ ပြည်တွင်းကူးစက်မှု ဖြစ်ခဲ့တာကတော့ ၁၆၀ ရှိပြီး ပြည်ပက ပြန်လာသူတွေမှာတော့ ကူးစက်ခံလူနာ ၁၃၉ ယောက်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံ တွင်းမှာ ပြည်တွင်းကူးစက်မှု ဖြစ်ခဲ့တာကတော့ ဇွန်လ ၁၇ ရက်နေ့က နောက်ဆုံး ဖြစ်တဲ့အတွက် ပြည်တွင်းကူးစက်မှု မရှိတာဟာ ၂ ပတ်နီးပါးကြာမြင့် သွားပါပြီ။ 

အစိုးရအနေနဲ့ အခုလို stay at home အစီအစဉ်တွေကို ဖြေလျှော့ပေးခဲ့ပေမဲ့ လူစုလူဝေး လုပ်ခွင့်တားမြစ်ထားတာအပါအဝင် ကိုဗစ်-၁၉  ထိန်းချုပ်ရေး အစီအစဉ်တွေကိုတော့ ဇူလိုင်လ ၁၅ ရက်နေ့အထိ ထပ်မံတိုးမြှင့်ထားပါတယ်။ 

သင်းသင်းဇော် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013