DVB Logo
Home
မြန်မာသတင်း
ညဈေးတန်းအသစ်သို့ ဈေးချိုတော်နှင့်ရတနာပုံဈေးအနီးက ဈေးသည်များကို ရွှေ့ပြောင်းပေးမည်
DVB
·
June 28, 2020
ညဈေးတန်းအသစ်သို့ ဈေးချိုတော်နှင့်ရတနာပုံဈေးအနီးက ဈေးသည်များကို ရွှေ့ပြောင်းပေးမည်
Donate to DVB

မန္တလေးမြို့က ၇၉ လမ်း၊ ၃၂ လမ်းနဲ့ ၃၄ လမ်းပေါ်မှာ ပြောင်းရွှေ့ဖွင့်လှစ်မယ့် ညဈေးမှာ ညဈေးသည်တွေတင်မကပဲ ရတနာပုံဈေးအနီးက စားသောက်ကုန်ဈေးသည်တွေကိုပါ ပြောင်းရွှေ့နေရာချ‌ထားပေးဖို့ စီစဉ်ထားတယ်လို့ မန္တလေးမြို့တော့ စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

ညဈေးတန်းဖွင့်လှစ်ဖို့အတွက် ဘူတာကြီးအနောက်ဘက်က ၇၉ လမ်းကို နိုင်လွန်ကတ္တရာ အကျယ်ခင်းတာ၊ စားသောက်ဆိုင်တွေ အသုံးပြုဖို့ ရေပိုက်လိုင်း သွယ်တန်းပေးတာ၊ရေ ဆိုးမြောင်းတူးဖော်တာ၊ လမ်းရဲ့ ဘက်နှစ်ဖက်လုံးမှာ လျှပ်စစ်မီးတိုင်တွေ စိုက်ထူတာတွေ လုပ်ဆောင်ပေးပြီးတဲ့အပြင် အများသုံးအိမ်သာ‌ဆောက်လုပ်ပေးမယ်လို့ ဆိုပါတယ်။ 

ညဈေးတန်း ပြောင်းရွှေ့ဖို့ကို တိုင်းအစိုးရအဖွဲ့ထံ တင်ပြထားပြီး ညွှန်ကြားချက်ရရှိတာနဲ့ ပြောင်းရွှေ့မယ်လို့ စည်ပင်ကော်မတီဝင်၊ ဈေးနှင့်သားသတ်ဌာနမှ ဦးကျော်ဆန်းမြင့်က ပြောပါတယ်။

“ညဈေးတန်းပြန်ပြီး ၇၉ လမ်းမှာ ဖွင့်တယ်ဆိုလို့ရှိရင် ၈၄ လမ်း ညဈေးတန်းက ဈေးသည်တွေတင်မကပဲ ရတနာပုံဈေးအနီးတဝိုက်မှာ ဖွင့်လှစ်ရောင်းချနေတဲ့ ညနေပိုင်းနဲ့ ညပိုင်းဈေးသည်တွေ ရှိပါတယ်။ အဲဒီထဲမှာ စားသောက်ကုန် ဈေးသည်တွေကိုပါ ညဈေးတန်း ပိုစည်ကားမှုရှိအောင် ဒီဘက် ၇၉ ဘက်ကို ရွှေ့ဖို့လို့ အစီအစဉ်ရှိပါတယ်။ ၇၉ ဘက်ကို ရွှေ့မယ်ဆိုရင် ညဈေး‌တန်း ၈၄ က ဈေးသည်တွေ၊ နောက် ရတနာပုံဈေးဘက်က ဈေးသည်တွေ အကုန်ပေါင်းရင် အကြမ်းအားဖြင့် ၁၉၀ လောက်ရှိပါတယ်၊ အရေအတွက်ပေါ့နော်” လို့ ပြောပါတယ်။

ဈေးချိုတော်အနီး ၈၄ လမ်း၊ ၂၇ လမ်းနဲ့ ၂၉ လမ်းတဝိုက်က ညဈေးတန်းဟာ ညနေ ၅ နာရီခွဲဝန်းကျင်ကနေ ည ၁၀ နာရီဝန်းကျင်အထိ ဖွင့်လှစ်တာ ဖြစ်ပါတယ်။ 

ညဈေးတန်း စခင်းချိန်နဲ့ ဈေးချိုပိတ်သိမ်းချိန်ဟာ တိုက်နေတဲ့အတွက် ယာဉ်ကြော မကြာခဏ ပိတ်ဆို့တတ်တဲ့အပြင် မတော်တဆ မီးဘေးအန္တရာယ်ကြုံလာပါက မန္တလေးမြို့ရဲ့ အဓိကလမ်းမကြီးတခုဖြစ်တဲ့ ၈၄ လမ်းကို ရှောင်ကွင်း မောင်းနှင်နေရတာတွေကြောင့် ညဈေးတန်းကို ပြောင်းရွှေ့ဖွင့်လှစ်ဖို့ စီစဉ်ရတာလို့ ဆိုပါတယ်။

၇၉ လမ်းပေါ်က ညဈေးတန်းဖွင့်ပြီးတာနဲ့ ၈၄ လမ်းပေါ်က ညဈေးသည် ၁၅၀ လောက်နဲ့ ရတနာပုံဈေးတစ်ဝိုက်က ဈေးသည် ၃၀ ကျော်ကို နေရာချထားပေးမယ်လို့ သိရပါတယ်။

ညဈေးတန်း ဆိုင်ခန်းနေရာကို ဈေးသည်အပိုင် ရောင်းချမှာ မဟုတ်ဘဲ သတ်မှတ်ထားတဲ့ နေ့စဉ်ဈေးကောက်သာ ကောက်ခံမှာ ဖြစ်ပါတယ်။ အစားအသောက် ရောင်းချမယ့် ဈေးသည်တွေအတွက် ရှေ့မျက်နှာစာ ၉ ပေအကျယ်နဲ့ အခြားကုန်စည်ရောင်းချသူတွေအတွက် မျက်နှာစာ ၆ ပေအကျယ် ချထားပေးမှာ ဖြစ်ပါတယ်။ ကိုဗစ်ကာလအတွင်း တစ်ဆိုင်နဲ့ တစ်ဆိုင်ကြားမှာ ၃ ပေလောက် ခြားပေးထားတယ်လို့လည်း သိရပါတယ်။

ညဈေးတန်းနေရာ ချထားပေးပြီး တစ်လလောက်ကြာပါက စင်္ကြာသီဟဘုရားတဝိုက်က ပန်းဈေးသည်တွေကိုပါ မနက်ပိုင်း ရောင်းချဖို့ ရွှေ့ပြောင်းမယ်လို့ သိရပါတယ်။ 

အဲဒီနောက်မှာ ညဈေးရဲ့မြောက်ဘက်ကို တခြားဈေးရောင်းချင်သူတွေအတွက် နေရာတိုးချဲ့ချထားပေးမှာဖြစ်ပြီး ဈေးရောင်းချဖို့အတွက် လတ်တလောအထိ ဆိုင်ခန်းနေရာ လျှောက်ထားသူ ၅၂၀ ရှိပြီး အမှန်တကယ် ဈေးရောင်းချမယ့်သူ‌ကိုသာ စိစစ်ရွေးချယ်ချထားပေးမယ်လို့ သိရပါတယ်။

ညဈေးနေရာရွှေ့ပြောင်းမယ့်ကိစ္စကို ဈေးသူဈေးသားတွေရော၊ မြို့ခံလူထုကပါ လက်ခံတယ်လို့ မန္တလေးမြို့တော်စည်ပင်ကနေ သိရပါတယ်။

အခုလို ညဈေးပြောင်းရွှေ့မယ့် ကိစ္စကို လက်ခံပေမဲ့ ကိုဗစ်ကာလအတွင်း အရောင်းအဝယ် ကြပ်တည်းခဲ့တဲ့ အခြေအနေတွေကြောင့် အရောင်းအဝယ် ကောင်းမွန်လာသည်အထိ ၈၄ လမ်းနေရာမှာ ၆ လ၊ ၁ နှစ်လောက် ရောင်းချပြီးမှသာ ရွှေ့ပြောင်းပေးစေချင်တယ်လို့ ဈေးသည် ဦးမျိုးဝင်းက ပြောပါတယ်။

“အနည်းဆုံး လေး ငါး ခြောက်လ တစ်နှစ်လောက်၊ အဲဒီလိုမျိုး အချိန်လေး ပေးစေချင်တာပေါ့နော်၊ ဦးလေးတို့မှာ ကိုဗစ်ကာလတုန်းကလည်း ညွှန်ကြားချက်နဲ့ နှစ်လ ပိတ်ထားရတယ်။ ဦးလေးတို့ ပိတ်လိုက်တဲ့အချိန်ကလည်း သင်္ကြန်ကာလ ရောင်းကောင်းတဲ့အချိန်၊ ဒီသင်္ကြန်လေးရောင်းပြီး တစ်နှစ်ပတ်လုံး မျှတပြီး သုံးစွဲရတဲ့ အနေအထားလေး။ အဲဒါဆိုတော့ ဒီ ကိုဗစ်ကာလရယ်၊ သင်္ကြန်ကာလမှာ ရောင်းရတဲ့အခါ အကြွေးတွေ ယူထားရတာရယ်ဆိုတော့ ဦးလေးတို့မှာ အချိန်ရမှသာ အဆင်ပြေမှာပါ၊ အချိန်မရဘဲနဲ့ ရုတ်တရက်ရွှေ့ရမယ်ဆို ဦးလေးတို့အတွက် တော်တော်လေးကို အခက်အခဲဖြစ်မှာပါ” လို့ ပြောပါတယ်။

ဒါ့အပြင် ၇၉ လမ်းက ဆိုင်ခန်းနေရာဟာ မျက်နှာစာ ကျဉ်းမြောင်းတာကြောင့် ကုန်ခြောက် ရောင်းချမယ့်သူတွေအတွက်လည်း အဆင်မပြေနိုင်ဘူးလို့ ပြောပါတယ်။

၁၉၉၅ ခုနှစ်တုန်းက ဈေးချိုတော် နာရီစင်အနီး ညဈေးတန်းကနေ ၇၉ လမ်းပေါ်ကို နှစ်နှစ်ခန့် ရွှေ့ပြောင်းခဲ့ရဖူးပြီး ဈေးမရောင်းရတဲ့အတွက် ဈေးချိုတော်ကို ပြည်လည်ရွှေ့ပြောင်းခဲ့ရတယ်လို့ ဈေးသည်တစ်ဦးက ပြောပါတယ်။ အခု ပြောင်းရွှေ့မယ့် ဈေးတန်းနေရာအသစ်မှာလည်း အရောင်းအဝယ် မကောင်းမှာ စိုးရိမ်နေကြတယ်လို့ ဈေးသည်တွေထံက သိရပါတယ်။

မန္တလေးမြို့အတွင်း မြို့သူမြို့သားတွေ လုပ်ကိုင်စားသောက်နိုင်ဖို့နဲ့ လည်ပတ်စရာ နေရာတွေ ရှိလာစေဖို့အတွက် မြို့သစ်ဘက်နဲ့ မြို့တွင်းမှာ ညဈေးတန်းအသစ်တွေ ဖော်ဆောင်ဖို့ စဉ်းစားနေတယ်လို့လည်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013