DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင် အလှကုန်စတိုးဆိုင်များကို စားသုံးသူရေးရာက ရှောင်တခင် စစ်ဆေး
DVB
·
June 24, 2020
မုံရွာမြို့တွင် အလှကုန်စတိုးဆိုင်များကို စားသုံးသူရေးရာက ရှောင်တခင် စစ်ဆေး
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ အလှကုန်ပစ္စည်းအဓိက ရောင်းချတဲ့ စတိုးဆိုင်တွေနဲ့ အိုးရှင်းစူပါမားကတ်က အလှကုန်တန်းတို့ကို ခရိုင်စားသုံးသူရေးရာနဲ့ စည်ပင်၊ ရဲ၊ ထွေအုပ်စတဲ့ ဌာနဆိုင်ရာတွေ၊ မြန်မာနိုင်ငံ သနပ်ခါး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက တာဝန်ရှိသူတွေ ပူးပေါင်းကာ ဇွန်လ ၂၄ ရက်နေ့က ရှောင်တခင် သွားရောက်စစ်ဆေးပါတယ်။

အဓိကအားဖြင့် သနပ်ခါးအမည်၊ ပုံသုံးစွဲထားတဲ့ အလှကုန်တွေကို ဦးစားပေး စစ်ဆေးခဲ့တာလို့ မြန်မာနိုင်ငံ သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးကျော်မိုးက ပြောပါတယ်။

“သနပ်ခါး ဆိုပြီး ခေါင်းစဉ်တပ်ထားပြီးတော့ ထုတ်လုပ်ရောင်းချနေကြတဲ့ သနပ်ခါး အလှကုန်တွေကို စိစစ်တာပါ။ မြန်မာ့သနပ်ခါး ရေရှည်ရပ်တည်နိုင်ဖို့အတွက် စိစစ်ရခြင်း ဖြစ်ပါတယ်။ လက်တွေ့မှာတော့ သနပ်ခါးနာမည်သုံးထားတဲ့ အလှကုန်တွေဟာ ပါဝင်တဲ့ ကုန်ကြမ်း ဖော်ပြထားတာ မရှိဘူး။ ပါဝင်ပစ္စည်းအချိုးအစား တိကျမှန်ကန်မှု မရှိတာတွေ တော်တော်များများ တွေ့ရပါတယ်။ မြန်မာတွေက သနပ်ခါး ကြိုက်မှန်းသိတော့ ငါးပွက်ရာ ငါးစာချသလိုပဲ သနပ်ခါး ချစ်တာ၊ မြတ်နိုးတာ အခွင့်ကောင်းယူပြီးတော့ ဈေးကွက်ထဲမှာ ထိုင်း၊ ကိုရီးယားနဲ့ တခြားနိုင်ငံတွေကနေ သနပ်ခါးအလှကုန်တွေ တော်တော်ကို များလာတယ်။ ဆပ်ပြာက အစပေါ့။ အရောင်၊ အနံ့နဲ့ သနပ်ခါးတုံးပုံစံတွေ သုံးပြီး ဈေးကွက်ထဲမှာ ရောင်းချနေတာက စားသုံးသူကို ထင်ယောင်ထင်မှား ဖြစ်စေတဲ့အတွက် မကောင်းပါဘူး။ အမှန်တကယ် သနပ်ခါး ပါဝင်ကြောင်း အာမခံစေချင်တယ်။ တာဝန်ယူစေချင်တယ်။ ဒီလိုမှမဟုတ်ရင် မြန်မာ့သနပ်ခါးက တဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်တဲ့အတွက် အခုလို စိစစ်ရတာဖြစ်ပါတယ်။” 

စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ လစဉ် ပုံမှန်စစ်ဆေးတာတွေ ရှိနေပေမယ့် မြန်မာနိုင်ငံ သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနဲ့ ပူးပေါင်းစစ်ဆေးတာကတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ လောလောဆယ်ကတော့ သတိပေးတဲ့အဆင့်သာဖြစ်ပြီး နောက်အကြိမ်တွေမှာတော့ အရေးယူတဲ့အဆင့်ထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ 

သနပ်ခါး အမည်သုံးပြီး အလှကုန်ထုတ်လုပ်နေတဲ့အထဲမှာ NIVEA, Doaru, Bella စတဲ့ နာမည်ကြီး အလှကုန်တွေလည်း ပါဝင်နေပါတယ်။ အခုလို စစ်ဆေးမှုတွေကို မုံရွာတင်မက ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့တွေမှာလည်း စစ်ဆေးသွားဖို့ အစီအစဉ်ရှိပါတယ်။

သနပ်ခါးက မြန်မာ့မျိုးရင်းဖြစ်တယ်ဆိုတာကို သိစေဖို့ မတ် ၃၀ ရက်နေ့ကလည်း ရှေးဟောင်းသုတေသနဦးစီးဌာနနဲ့ သနပ်ခါးအသင်းတို့‌ ပူးပေါင်းကာ ယူနက်စကိုမှာ တင်သွင်းထားပါတယ်။

စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ လတ်တလော စစ်ဆေးတဲ့ အလှကုန်တွေထဲမှာ ကုန်အညွှန်း အမှတ်အသားတွေ ပြည့်စုံမှုရှိ၊ မရှိကို စစ်ဆေးခဲ့ပြီး သက်တမ်းကုန်ဆုံးရက် ပါ မပါ၊ ပါဝင်ပစ္စည်းဖော်ပြမှု ရှိ၊ မရှိ စတာတွေကို စိစစ်ခဲ့ကာ ရောင်းချသူကတဆင့် သက်ဆိုင်ရာ ကုမ္ပဏီတွေကို လိုအပ်ချက်တွေ ထပ်မံအကြောင်းကြားဖို့ မှာကြားခဲ့တယ်လို့လည်း စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ 

နောက်ထပ်လည်း သနပ်ခါးအသင်းအပြင် တခြားသော မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အဓိကကုန်စည်တွေ ဖြစ်တဲ့ ဆန်၊ ဆီနဲ့ တခြားသော ကုန်ပစ္စည်းတွေကိုလည်း ထပ်မံစစ်ဆေးနိုင်ဖို့ ပြင်ဆင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013