DVB Logo
Home
မြန်မာသတင်း
အစိုးရသက်တမ်း ၄ နှစ်တွင်း ရဲတပ်ဖွဲ့ဝင် ၁၈,၀၀၀ ကျော် အရေးယူခံရ
DVB
·
June 23, 2020
အစိုးရသက်တမ်း ၄ နှစ်တွင်း ရဲတပ်ဖွဲ့ဝင် ၁၈,၀၀၀ ကျော် အရေးယူခံရ
Donate to DVB

လက်ရှိအစိုးရသက်တမ်း ၄ နှစ် အတွင်းမှာ ရဲစခန်းထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၁၈၀၀၀ ကျော်ရှိတယ်လို့ ရဲဗိုလ်ချုပ်မျိုးဆွေဝင်းက   ဇူလိုင် ၂၂ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အခုအရေးယူမှုတွေက ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ မေလအထိဖြစ်ပြီး အဲဒီကာလအတွင်းမှာ အမှုပေါင်း ၇၅၁၉ မှုအတွက် ရဲအရာရှိ ၅၃၆၈ ဦးနဲ့ အခြားအဆင့် ၁၂၇၅၈ ဦးကို အရေးယူခဲ့တာလို့ ဆိုပါတယ်။

အခုလိုအရေးယူမှုအပြင် အဂတိလိုက်စားမှုနဲ့ အရေးယူခဲ့တဲ့အမှုတွေက ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ဇွန် ၁၅ ရက်အထိ စုစုပေါင်း ၁၈ မှုရှိပြီး အရာရှိ ၁၉ ယောက်ကို အရေးယူထားတယ်လို့လည်း ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြည်သူ့အတွက် စတုတ္ထ ၁ နှစ်တာကာလအတွင်း ဆောင်ရွက်ချက်တွေနဲ့စပ်လျဉ်းပြီး ညွှန်ကြားရေးမှူးချုပ် ဦးခိုင်ထွန်းဦးနဲ့အဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။  

ပြည်ထဲရေးဝန်ထမ်းတွေရဲ့ မသမာမှုတွေနဲ့ပတ်သက်ပြီးလည်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်တွေကို ဖောက်ဖျက်ကျူးလွန်တဲ့ မသမာမှု ၁၉၉  မှု စုံစမ်းဖော်ထုတ် အရေးယူခဲ့တယ်လို့လည်း သိရပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေနဲ့ စုံစမ်းစစ်ဆေးခဲ့တဲ့ အမှုအရေအတွက်ကတော့ စီးပွားရေးဆိုင်ရာ ပြစ်မှု ၂၀၄ မှု၊ ဝန်ထမ်းမသမာမှု၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ တာဝန်ပေးအပ်မှု ၂၆၈ မှု စုံစမ်း စစ်ဆေးနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေနဲ့ ၄ နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ပေးအပ်တဲ့ အမှုတွေ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့မှ စုံစမ်းစစ်ဆေးခဲ့တဲ့ အမှုတွေနဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ တာဝန်ပေးအပ်တဲ့ အမှု ၂၆၈ မှု အပါအဝင် စုစုပေါင်း ၆၇၁ မှုကို စုံစမ်းစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။ 

အခုစတုတ္ထ တနှစ်တာကာလအတွင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေနဲ့ အမှုပေါင်း ၁၉၁ မှု အရေးယူဆောင်ရွက်ခဲ့ပြီး တရားခံပေါင်း ၅၇၀ ဦးနဲ့ လူကုန်ကူး ခံရသူပေါင်း ၂၄၇ ဦး ဖော် ထုတ်နိုင်ခဲ့ပါတယ်။

မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ၄ နှစ်အတွင်း စုစုပေါင်းအမှု ၄၃၉၅၅ မှုနဲ့ တရားခံပေါင်း ၆၄၀၇၁ ဦးတို့ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ခဲ့သလို ဘိန်းခင်းစုစုပေါင်း ၂၄၂၇၁ ဒသမ ၀၄ ဧက အား ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စစ်တမ်းကောက်ယူရာမှာ ၂၀၁၇ ခုနှစ်မှာ ၂၅ ရာခိုင် နှုန်း၊ ၂၀၁၈ ခုနှစ်မှာ ၉ ဒသမ ၁ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်မှာ ၁၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ထုတ်လုပ်မှု ၂ ရာခိုင်နှုန်း ကျဆင်းခဲ့လို့ အရင်က ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကမ္ဘာ့ဒုတိယနေရာမှ တတိယနေရာသို့ လျော့နည်း ကျဆင်းအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်တွင်းလုံခြုံရေးနဲ့ပတ်သက်ပြီး လေးနှစ်ကာလ အတွင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၃ ရုံး၊ နယ်မြေ ရဲစခန်း ၂၇ ခုနဲ့ ရဲကင်းစခန်း ၃၁ ခု တို့အသစ် တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ  ၂၀၁၉ ခုနှစ်က အမှတ်(၉) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲနဲ့ အမှတ် (၁၀) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲတွေ ထပ်မံ တိုးချဲ့ဖွဲ့စည်းခဲ့လို့ ခုအခါ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ၁၀ ခုနဲ့ လုံခြုံရေးကို တိုးမြှင့် ဆောင်ရွက်နေတယ်လို့  သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။

ဓာတ်ပုံ- ရဲဇာနည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013