
ကိုဗစ်ကာလအတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ရာဇသတ်ကြီးပုဒ်မတွေ၊ သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေ၊ လောင်းကစားမှုတွေ အပါအဝင် အမှုပေါင်း ၇၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး တရားခံ ၁၂၀၀၀ ကျော် ဖမ်းမိတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
“မူးယစ်ဥပဒေတွေ၊ လောင်းကစားဥပဒေတွေ၊ စည်ပင်သာယာဥပဒေ၊ လ.ဝ.က အက်နဲ့ အရေးယူတာတွေရှိသလို သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေအရ အရေးယူမှု၊ ဆေးကောင်စီ၊ ကူးစက်ရောဂါဥပဒေ၊ နိုင်လွတ်လုံ၊ ငြိမ်းစုစီ စသည်ဖြင့် ဒီလို အရေးယူမှုတွေ ပြန်ကြည့်လိုက်တဲ့ အခါ တနိုင်ငံလုံးမှာ အမှုပေါင်း ၇၀၀၀ ကျော်ရှိပါတယ်။ မနေ့က ညနေအထိပေါ့။ အဲဒီမှာ တရားခံပေါင်း ၁၂၀၀၀ ကျော်ကတော့ တရားခံအဖြစ် မိပါတယ်။ မမိတာကတော့ ၂၂၅ ဦး ဖြစ်ပါတယ်။”
အဲဒီအမှုတွေထဲမှာ ကိုဗစ်နဲ့ပတ်သက်လို့ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေအရ အရေးယူတဲ့ အမှုပေါင်း ၁၀၀ ကျော် ပါဝင်ပြီး အရေးယူခံရသူပေါင်း ၁၇၆ ဦးရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကူးစက်ရောဂါ ဥပဒေ ပုဒ်မ ၂၉၅(က)၊ ၂၇၁ တို့နဲ့ ဦးတိုက်လျှောက်ထားတဲ့ အမှုပေါင်း ၅၄၈၀ ကျော် ရှိခဲ့ပြီး အရေးယူခံရသူပေါင်း ၈၄၇၀ ဦးရှိတယ်လို့ သိရပါတယ်။
ကိုဗစ်နဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရ သတိပေး တားမြစ်ချက်တွေနဲ့ ကြေညာချက်တွေကို ဇွန် ၃၀ ရက်နေ့အထိ ထပ်တိုး သတ်မှတ်ထားပါတယ်။










