သူရဦးရွှေမန်းပါတီ မဲဆန္ဒနယ်အားလုံး၏ထက်ဝက် အနိုင်ရရန်နှင့် အစိုးရဖွဲ့ရန် မျှော်မှန်း
DVB
·
June 18, 2020

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ပါတီအနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အားလုံးရဲ့ ၄၀ ၊ ၅၀ ရာခိုင်နှုန်းအတွင်း အနိုင်ရရှိဖို့နဲ့ အစိုးရဖွဲ့ဖို့ မျှော်မှန်းထားတယ်လို့ ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။
လာမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိပေမယ့် ဘယ်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတာတော့ မဆုံးဖြတ်ရသေးဘူးလို့ သူရဦးရွှေမန်းက ဇွန်လ ၁၈ ရက်က အွန်လိုင်းကနေ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတာပါ။
UBP ပါတီက လာမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အားလုံးရဲ့ ၄၀ ၊ ၅၀ ရာခိုင်နှုန်းအတွင်း အနိုင်ရရှိဖို့ မျှော်မှန်းထားပြီး ပါတီကနေ အစိုးရ တစ်ရပ် ဖွဲ့စည်းနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ သူရ ဦးရွှေမန်းက ဆိုပါတယ်။
ပါတီဟာ ရွေးကောက်ပွဲအတွက် ဗဟိုဦးစီးစနစ်နဲ့မသွားဘဲ မြို့နယ်အခြေခံတဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကိုသာ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။
မြို့နယ်ပေါင်း ၃၃၀ ကျော်ရှိတဲ့အထဲ မြို့နယ် ၂၅၀ ကျော်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ပြင်ဆင်ထားပါတယ်။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီကိုယ်စားလှယ်လောင်း အယောက် ၉၀၀ လောက် လျာထားပြင်ဆင်ထားပြီး သက်ဆိုင်ရာဗဟိုကနေ အပြီးသတ် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
UBP ပါတီက တိုင်းဒေသကြီးတွေ အားလုံးနီးပါးမှာ ပါတီလုပ်ငန်းတွေ ဆောင်ရွက်နေကာ ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ UBP ပါတီ ရုံးခွဲတွေ ဖွင့်လှစ်ထားပြီး ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၈၀၀၀ ကျော်မှာ ပါတီရုံးခွဲတွေ ဖွင့်လှစ်ထားပါတယ်။
နန့်ခိုင်
ဓာတ်ပုံ- UBP