DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် ဒေသမလုံခြုံမှုကြောင့် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်နေဟု ဒုဝန်ကြီးပြော
DVB
·
June 15, 2020
ရခိုင်ပြည်နယ်တွင် ဒေသမလုံခြုံမှုကြောင့် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်နေဟု ဒုဝန်ကြီးပြော
Donate to DVB

ရခိုင်ပြည်နယ်အတွင်း ဒေသမလုံခြုံမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ တာဝန်က နုတ်ထွက်နေသလို အကြမ်းဖက်အဖွဲ့တွေကို ရိက္ခာထောက်ပံ့ပေးလို့ ဖမ်းဆီးအရေးယူခံရတဲ့ အုပ်ချုပ်ရေးမှူးတွေလည်း ရှိတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုဝန်ကြီးက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ  ပြီးခဲ့တဲ့သီတင်းပတ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ၅၈ ဦး နုတ်ထွက်ခဲ့ပြီး သူတို့နေရာကို ပြန်လည်ခန့်အပ်နိုင်ဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်နေပါတယ်။

ဒီနေရာမှာ မိမိဆန္ဒသဘောအလျောက် နုတ်ထွက်သူတွေ ရှိသလို ဖမ်းဆီးအရေးယူခံ ထားရသူတွေလည်း ရှိတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုဝန်ကြီးဦးတင်မြင့်က ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်း၊ ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်း အထိတောင် ခံရတယ်။ အဲဒါကြောင့်လည်း တချို့ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက မလုပ်လိုဘူးဆိုပြီး ထွက်ကြတယ်။ အဲဒီထဲမှာ တချို့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးကျတော့လည်း ဒီအကြမ်းဖက်အဖွဲ့အစည်းပါဆိုပြီး ကြေညာထားတဲ့အဖွဲ့ကို ရိက္ခာတွေ ပို့တယ်။ ငွေကြေးတွေ ထောက်ပံ့တယ်။ ဒါတွေဟာ ဖြစ်လာတော့ ကြေညာပြီး ဥပဒေအရ ပြောပြီးတဲ့နောက် ဖြစ်လာတဲ့သူတွေကို တပ်မတော်ကနေပြီးတော့မှ ဒါတွေကို စုံစမ်းစစ်ဆေးတယ်။ ပြီးရင် ရဲတပ်ဖွဲ့ အပ်နှံပြီးတော့ အကြမ်းဖက်ဥပဒေနဲ့ပေါ့ အရေးယူဖို့ရာဆိုပြီး လုပ်ထားတာ ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အစိုးရသော်လည်းကောင်း၊ တပ်မတော်၊ ရဲတပ်ဖွဲ့ကတော့ ဒီအပေါ်မှာ ဥပဒေနဲ့အညီပဲ ဆောင်ရွက်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီလို နုတ်ထွက်သွားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနေရာမှာ အစားထိုးခန့်အပ်နိုင်ဖို့ ဆောင်ရွက်နေသလို နုတ်ထွက်သွားသူတွေက ပြန်လည်တာဝန်ထမ်းဆောင်လိုပါကလည်း ဆောင်ရွက်ပေးဖို့ အသင့်ရှိနေတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ပြောပါတယ်။

“အခုထွက်တယ်ဆိုတာကလည်း နယ်မြေဒေသ မလုံခြုံလို့၊ မအေးချမ်းလို့ ထွက်ရတာပါ။ သူ့စိတ်ဆန္ဒမူရင်းအရတော့ ထွက်ချင်လို့ထွက်တာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ အခုလိုမျိုး မအေးချမ်းတဲ့အချိန်မှာ ထွက်ကောင်းထွက်ပေမယ့် ဒေသလုံခြုံတယ်ဆိုရင် ရပ်ရွာအကျိုးအတွက် ဆောင်ရွက်ချင်တဲ့စိတ် အပြည့်ရှိမယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့်မို့လို့ အခုလိုမျိုး မလုံခြုံလို့ထွက်တဲ့အပေါ်မှာလည်း ကျနော်တို့ ဌာနအနေနဲ့ အပြစ်ရှိတဲ့သူတစ်ယောက်အနေနဲ့ မြင်တာ မရှိပါဘူး။ ဒါ့ကြောင့် ပြန်လည်တာဝန်ထမ်းဆောင်မယ်ဆိုရင်လည်း အချိန်မရွေး ပြန်လည်တာဝန်ထမ်းဆောင်ဖို့အတွက် စီမံဆောင်ရွက်ပေးဖို့ အသင့်ရှိပါတယ်” လို့ အစိုးရ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ နယ်မြေဒေသ မလုံခြုံမှုကြောင့် အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်နေပေမဲ့ အချိန်မီ ပြန်လည်ခန့်အပ်နိုင်ဖို့ ဆောင်ရွက်နေတာကြောင့် အရပ်ဘက် အုပ်ချုပ်ရေးနေရာမှာ စစ်အုပ်ချုပ်ရေး ဝင်လာဖို့အထိ မဖြစ်နိုင်သေးဘူးလို့လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013