DVB Logo
Home
မြန်မာသတင်း
မြောင်းမြမြို့ Quarantine စင်တာများ ကျွေးမွေးစရိတ် အခက်အခဲဖြစ်နေ
DVB
·
June 15, 2020
မြောင်းမြမြို့ Quarantine စင်တာများ ကျွေးမွေးစရိတ် အခက်အခဲဖြစ်နေ
Donate to DVB

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ရှိ လူထုအခြေပြု စောင့်ကြည့်စင်တာ (Community based quarantine centre) တွေမှာ ကျွေးမွေးစရိတ် ၁ ရက်ကို ကျပ် ၂ သိန်းကျော် ကုန်ကျနေတာကြောင့် ရက်ရှည်ကျွေးမွေးဖို့ အခက်အခဲ ကြုံတွေ့နေရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြောင်းမြမြို့ရှိ ပရိယတ္တိစွမ်းအားတောရကျောင်းတိုက်နဲ့ သူနာပြုသင်တန်းကျောင်းတို့မှာ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသူ ၉၆ ဦးကို ထားရှိကာ ကိုဗစ်-၁၉ ရောဂါရှိမရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်တာတွေ လုပ်ဆောင်နေပြီး ကျေးမွေးစရိတ်အခက်အခဲ ကြုံနေတယ်လို့ စင်တာတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက်ပေးနေတဲ့ မြောင်းမြမြို့၊ ကရုဏာရှင် လူငယ်များအသင်းမှ ကိုဝေလင်းအောင်က ပြောပါတယ်။

“အဓိကအခက်အခဲကတော့ စားရေးသောက်ရေးအပိုင်းပေါ့။ စောင့်ကြည့်စင်တာတွေအတွက် ကျွေးမွေး စရိတ်က တစ်ရက်ကို ၂ သိန်းကျော် ကုန်ကျတယ်။ အခုက ကိုယ့်မြို့လူတွေတင် မဟုတ်တော့ဘဲ ဧရာဝတီတတိုင်းလုံးက လူတွေပါ ပါလာတော့ လူများလာလေလေ ကုန်ကျစရိတ်က များလေဆိုတော့ ကျွေးမွေးစရိတ်အတွက် အခက်အခဲဖြစ်လာနေတယ်။ လှူဒါန်းပေးကြတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလိုကုန်ကျမှုနဲ့က ရေရှည်တောင့်ခံနိုင်ပါ့မလား စိုးရိမ်မိတယ်။”

မြောင်းမြခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေနဲ့ ပြည်ပကပြန်လာသူ ၉၆ ဦးအတွက် စောင်၊ ခြင်ထောင်၊ ခေါင်းအုံးနဲ့ အိပ်ရာတွေ ထောက်ပံ့ပေးထားပြီး ကျွေးမွေးစရိတ်အတွက် ၁ ဦးကို ၃၀၀၀ ကျပ် (တနေ့စာ) နှုန်းထားနဲ့ ဧရာဝတီတိုင်းအစိုးရထံ တင်ပြ တောင်းခံထားတယ်လို့ မြောင်းမြခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ပြောပါတယ်။

မြောင်းမြမြို့မှာ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် မြို့နယ်၊ ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကော်မတီတွေနဲ့အတူ ကရုဏာရှင်လူငယ်များအသင်းက လူထုအခြေပြု စောင့်ကြည့်စင်တာတွေမှာ စေတနာ့ ဝန်ထမ်းတွေအဖြစ် ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

“ပြည်ပပြန်တွေ ကိုယ့်ရပ်ကိုယ့်ဒေသကို ပြန်ကြတဲ့အခါ အဲဒီမြို့က လူတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့အတွက် မြောင်းမြမှာ ကွာရန်တင်းဝင်ချိန်မှာ အစစအရာရာအခမဲ့ဖြစ်အောင် မြို့ခံအလှူရှင်များရဲ့ လှူဒါန်းမှုတွေနဲ့ တောင့်ခံပြီး ဆောင်ရွက်ပေးထားပါတယ်”လို့ ကရုဏာရှင်လူမှုကူညီရေးအသင်းမှ ကိုဝေလင်းအောင်က ပြောပါတယ်။

မြောင်းမြမြို့မှာ ပြီးခဲ့တဲ့ မေလကစတင်ပြီး ပြည်ပကပြန်လာသူတွေကို ကိုဗစ်-၁၉ ရောဂါ ရှိမရှိ ၂၁ ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်သည့် Quarantine စင်တာတွေ ဖွင့်လှစ်ခဲ့ပြီး ထိုင်းနဲ့ တရုတ်နိုင်ငံက ပြန်လာသူတွေကို နေရာလုံလောက်စွာ လက်ခံနိုင်ဖို့ ဇွန် ၁၁ ရက်နေ့မှစတင်ပြီး မြောင်းမြမြို့ရှိ သူနာပြု သင်တန်းကျောင်းကို Quarantine စင်တာအဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့တာလို့ စေတနာ့ဝန်ထမ်းတွေကပြောပါတယ်။

မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ဘိုဘို (မြောင်းမြ)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013