DVB Logo
Home
မြန်မာသတင်း
Mask ဒဏ်ကြေးငွေများ ပြည်နယ်မအပ်ဘဲ ရေးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက်သုံးရန် တိုက်တွန်း
DVB
·
June 14, 2020
Mask ဒဏ်ကြေးငွေများ ပြည်နယ်မအပ်ဘဲ ရေးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက်သုံးရန် တိုက်တွန်း
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း Mask မတပ်လို့ အရေးယူဒဏ်ရိုက်ထားတဲ့ ဒဏ်ကြေးငွေတွေအား ပြည်နယ်ကိုမအပ်ဘဲ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းမှာ ပြန်လည်သုံးစွဲသင့်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။

မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုမဖြစ်ပေါ်စေဖို့ ဇွန် ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ပညာပေးကာလအဖြစ်သတ်မှတ်ခဲ့ပြီး Mask မတပ်ဘဲ သွားလာနေသူတွေကို ဒဏ်ကြေးငွေတွေ ကောက်ခံကာ အရေးယူဆောင်ရွက်ခဲ့တာပါ။

Mask မတပ်ဘဲ သွားလာမှုအတွက် ၁ ဦးကို ဒဏ်ကြေးငွေ ၃၀၀၀ ကျပ်ပေးဆောင်စေပြီး Mask ၂ ခု ပြန်လည်ပေးအပ်ကာ အဲဒီဒဏ်ကြေးငွေတွေကို ပြည်နယ်ကို ပေးအပ်ရမှာဖြစ်တာကြောင့် မဖြစ်သင့်ဘူးလို့ ဒေသခံအဖွဲ့အစည်းတွေက ပြောပါတယ်။

ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက “Mask မတပ်လို့ ရလာတဲ့ ဒဏ်ကြေးငွေတွေကို ပြည်နယ်ကိုအပ်ရမယ်ဆိုတာ ကြားသိရလို့ ဒါက မဖြစ်သင့်ဘူးလို့ ပြောချင်ပါတယ်။ မတ်လက ရေးမှာဖွင့်ခဲ့တဲ့ CBSQ စခန်းတွေဆီကို ပြည်နယ်အနေနဲ့ထောက်ပံ့မှုက မဖြစ်စလောက်လေးပဲ၊ ထိထိရောက်ရောက် ဘာမှမလုပ်ပေးခဲ့ဘူး၊ ရေးကပြည်သူတွေ၊ အရပ်ဘက်အဖွဲ့တွေရဲ့ ထောက်ပံ့မှုတွေနဲ့ အဓိကလုပ်ခဲ့ရတယ်။ ခုအဲဒီဒဏ်ကြေးငွေကို ပြည်နယ်အပ်ရမယ့်အစား ရေးမှာပဲ ကိုဗစ်နဲ့ပတ်သက်လို့ အသိပညာပေးတာတွေ၊ ကျောင်းဖွင့်ချိန်မှာ လိုအပ်မယ့်အရာတွေအတွက် ပြန်အသုံးချသင့်တယ်လို့ပြောချင်ပါတယ်။ ရေဘေးတုန်းကလည်း ရေးအတွက်ရရှိခဲ့တဲ့ အလှူငွေတွေကို ဘာတွေမှာ ပြန်သုံးခဲ့လဲဆိုတာ ခုထိမသိရသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရေးမြို့နယ်မှာတော့ ဇွန် ၁၃ ရက်နေ့ကစလို့ Mask မတပ်ဘဲ သွားလာနေမှုအတွက် စတင်အရေးယူမှုတွေဆောင်ရွက်နေပြီး ပထမဆုံးစတင်ဖမ်းဆီးရမိတဲ့ အဲဒီရက်မှာတော့ လူပေါင်း ၁၁၉ ဦး ဒဏ်ငွေပေးဆောင်ခဲ့ရတာပါ။

မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက “အစည်းအဝေးမှာ ရလာတဲ့ဒဏ်ကြေးကို ပြည်နယ်ကို အပ်ရမယ်လို့တော့ကြားပါတယ်။ စာအနေနဲ့တော့ တိတိကျကျဘယ်လိုလုပ်ရမယ်ဆိုတာကတော့ မရောက်ရှိသေးပါဘူး၊ လက်ရှိမှာတော့ အဖွဲ့ ၂ ဖွဲ့ခွဲပြီး အရေးယူမှုတွေ ဆောင်ရွက်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မွန်ပြည်နယ်အစိုးရအနေနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနဲ့ ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ဇွန် ၁ ရက်နေ့မှ ၆ ရက်နေ့အထိ နေအိမ်ပြင်ပ ထွက်ခွာရာမှာ Mask စနစ်တကျ တပ်ဆင်သွားကြဖို့ အသိပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး ဇွန်လ ၈ ရက်နေ့ကစလို့ Mask စနစ်တကျ တပ်ဆင်ခြင်းမရှိသူတွေကို ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေးဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013