
ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်တာတွေကို ကုစားပေးဖို့အတွက် စီးပွားရေးဆိုင်ရာ အခွန်သက်သာခွင့်တွေကို သမ္မတက အမိန့်ထုတ်ပြန်လိုက်ပါတယ်။
အားလုံးတပေါင်းတည်းကျော်လွှားခြင်း ကိုဗစ်-၁၉ ရဲ့ ပန်းတိုင် ၂ ရပ်ဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနဲ့ ဘဏ်လုပ်ငန်းတွေကို တိုးတက်အောင်လုပ်ပြီး ပုဂ္ဂလိကကဏ္ဍအပေါ် သက်ရောက်တာကို ဖြေလျှော့ပေးတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
သမ္မတဟာ ဥပဒေလို အာဏာတည်တဲ့အမိန့်ကို ထုတ်ပြန်တာဖြစ်ပြီး ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် အကျိုးသက်ရောက်စေရမယ်လို့ ဆိုပါတယ်။
ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “တဦးချင်း အခွန်ထမ်း၊ ကုမ္ပဏီအခွန်ထမ်းတွေ ရှိမယ်။ အားလုံးနဲ့ ဆိုင်ပါတယ်။ တချို့လည်း တဦးချင်း စီးပွားဆိုတာ ရှိတယ်လေ။ ကုမ္ပဏီမထောင်ဘူး။ သူ့ဘာသာ စီးပွားရေးလုပ်တယ်။ သူ့လုပ်ငန်းမှာ ဝန်ထမ်းတွေ ခန့်ထားတာရှိတယ်။ အဲဒီဝန်ထမ်းတွေကို လုပ်ခ လစာပေးတာ ရှိတယ်။ အဲဒီလူမျိုးတွေနဲ့လည်း အကျုံးဝင်တာပေါ့” လို့ ပြောပါတယ်။
လက်ရှိ ထုတ်ပြန်လိုက်တာဟာ ပညာရပ်ဆိုင်ရာ အသုံးအနှုန်းတွေဖြစ်နေပြီး လုပ်နည်းလုပ်နည်းတွေကို မကြာခင်မှာ ထုတ်ပြန်ပေးမယ်လို့ သူက ပြောပါတယ်။ အဲဒီအချိန်ကျရင် ဥပမာတွေနဲ့ ရှင်းလင်းပေးမှာဖြစ်လို့ အားလုံး နားလည်လွယ်မယ်လို့လည်း သူက ပြောပါတယ်။
၂၀၁၉-၂၀ ဝင်ငွေနှစ်ထဲမှာ ထပ်တိုးပေးချေရတဲ့ လုပ်ခ လစာစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းကို ပြန်အမ်းငွေအဖြစ်ရမှာ မဟုတ်တဲ့ အခွန်ခုနှိမ်ခွင့်၊ စုစုပေါင်းပေးချေခဲ့တဲ့ လုပ်ခ လစာတွေရဲ့ ၁၂၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ပမာဏကို အသုံးစရိတ်အဖြစ် ဝင်ငွေကနေ ခုနှိမ်ခွင့် ပေးလိုက်ပါတယ်။
ပြီးတော့ ၂၀၁၉-၂၀ ဝင်ငွေနှစ်အတွင်း သတ်မှတ် မ တည် အပိုင်ပစ္စည်းတွေ ထပ်ပြီး ဝယ်ယူရင်းနှီးတာအတွက် တိုးချဲ့ခဲ့တဲ့ မ တည်ပစ္စည်း တန်ဖိုး စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းကို ပြန်အမ်းငွေအဖြစ် ရမှာမဟုတ်တဲ့ အခွန်ခုနှိမ်ခွင့်၊ ဒီနှစ်ထဲမှာရမယ့် ထပ်တိုးလာတဲ့ သတ်မှတ် မ တည် အပိုင်ပစ္စည်းတွေတွေ တန်းဖိုးလျှော့စရိတ်ရဲ့ ၁၂၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ပမာဏကို တကြိမ်တည်း တိုးမြှင့်ခံစားခွင့် ပေးလိုက်ပါတယ်။
ဒီအရင်ကလည်း ကိုဗစ်-၁၉ ကြောင့် စီးပွားရေးလုပ်ငန်းတွေကို အခွန်ကင်းလွတ်ခွင့်နဲ့ ရွှေ့ဆိုင်းခွင့်တွေ ပေးခဲ့ဖူးပါတယ်။
အခုအမိန့်ဟာ လာမယ့် အောက်တိုဘာ ၁ ရက်မှာမှ စတင်အသက်ဝင်မှာဖြစ်ပြီး ဥပဒေလို အာဏာတည်တဲ့အမိန့် ဖြစ်လို့ အနီးဆုံး ရက်ပေါင်း ၆၀ အတွင်း ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၊ ဒါမှမဟုတ် အထူးအစည်းအဝေး၊ အရေးပေါ်အစည်းအဝေးမှာ အတည်ပြုရဦးမှာ ဖြစ်ပါတယ်။











