DVB Logo
Home
Lead Story
တစ်ပူပေါ် နှစ်ပူဆင့်ရတဲ့ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမဘဝ
DVB
·
June 11, 2020
တစ်ပူပေါ် နှစ်ပူဆင့်ရတဲ့ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမဘဝ
Donate to DVB

နွေရာသီရဲ့ မနက်ပိုင်း အပူရှိန်အောက် တန်းစီစောင့်ဆိုင်းနေကြတဲ့ ရှည်လျားတဲ့ လူအုပ်ကြားထဲမှာ ကလေးကိုယ်စီနဲ့ အမျိုးသမီးအများစုကိုတွေ့ရပါတယ်။

အချို့က ကလေးကို ကျောမှာ ပိုးထားသလို အချို့ကတော့ ကလေးတွေရဲ့ လက်ကို တွဲပြီး မငြီးမငြူ တစုံတခုအတွက် စောင့်ဆိုင်းနေကြပါတယ်။

သူတို့တွေကတော့ အလှူပစ္စည်းတွေကို လာယူကြတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က မြန်မာရွှေ့ပြောင်း အလုပ်သမတွေ ဖြစ်ပါတယ်။

“ကျမ အလုပ်မရှိတာ ၂လကျော် ၃လရှိပြီ၊ အလုပ်က မရှိတော့ စုထားတဲ့ငွေကလည်း ကုန်ပြီ။ စားစရာတွေ လိုက်ဝေတာ၊ ပေးတာတွေကို လိုက်ယူရတယ်” လို့ အလှူပစ္စည်းလာရောက်ယူတဲ့ ရွှေ့ပြောင်းအလုပ်သမ နန်းလှရီက ပြောပြပါတယ်။

ကံကောင်းတဲ့ ရက်တွေမှာ ဆန် ၁ကီလို၊ ဆီဗူးသေး၊ ငါးသေတ္တာဗူးတို့ ရကြောင်းလည်း နန်းလှရီက မဝံ့မရဲ ပြန်ဖြေပါတယ်။

ကမ္ဘာတဝှမ်း ရင်ဆိုင်နေကြရတဲ့ ကိုဗစ်-၁၉ ဂယက်ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ စီးပွားရေးထိခိုက်မှုတွေကြုံတွေ့နေရသလိုပဲ ထိုင်းနိုင်ငံမှာလည်း စက်ရုံအလုပ်ရုံအတော်များများ ပိတ်ပစ်လိုက်ရသလို လုပ်ငန်းအတော်များများလည်း ရပ်ဆိုင်းခဲ့ရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံ ဒေသအသီးသီးက လုပ်ငန်းနယ်ပယ်အသီးသီးမှာ လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေလည်း ပြီးခဲ့တဲ့ မတ်လ လယ်ပိုင်းကစတင်ပြီး အလုပ်တွေ ရပ်နားခံလိုက်ရပါတယ်။

ခုဆိုရင် လစာမဲ့နဲ့ ထိုင်းနိုင်ငံမှာ ရပ်တည်နေတာ ၃ လနီးပါးရှိလာပြီဖြစ်လို့ အလုပ်သမားတွေကြား ဝမ်းရေးအခက်အခဲတွေ ကြုံနေကြရပြီး အလှူရှင်တွေလှူတဲ့နေရာတွေမှာ ရသလောက်ယူပြီး အသက်ဆက်နေကြရတာပါ။

ဒီအခြေအနေတွေဟာ နန်းလှရီတို့လို ကလေးမိခင် အလုပ်သမတွေအတွက် အသက်ရှင်ရပ်တည်ဖို့ ပိုလို့ အကြပ်ရိုက်ခဲ့ရပါတယ်။

“တစ်နှစ်အရွယ် ကလေးရှိတော့ ပိုပြီးခက်ခဲတယ်။ ကျမတို့က ဘာစားစားရတယ်။ ကလေးတွေက ကျတော့ အဆင်မပြေဘူး။ မုန့်တွေကလည်း ဝယ်ရ။ ဒီချိန် ကလေးတွေ နေကောင်းပါစေလို့ပဲ ဆုတောင်းနေရတယ်” လို့ ရှမ်းဘာသာစကားနဲ့ နန်းလှရီ က ဆိုပါတယ်။

အလုပ်ရပ်နားလိုက်တဲ့ စက်ရုံ အလုပ်ရုံက အလုပ်သမားအများစုဟာ မြန်မာ သံရုံးအစီစဉ်နဲ့ နေရပ်ပြန်နေကြပေမယ့် ကုန်တိုက်ကြီးတွေ၊ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေ၊ အိမ်တွင်းနဲ့ ဈေးဆိုင်လုပ်ငန်းတွေမှာ လုပ်ကိုင်ကြတဲ့ အမျိုးသမီးအများစုကတော့ နေရပ်မပြန်နိုင်ကြပါဘူး။


Photo: MAP Foundation


မြန်မာနိုင်ငံမှာ ဝမ်းရေးအတွက် အလုပ်အကိုင်မရှိမှာ စိုးရိမ်တဲ့အပြင် သူတို့ရဲ့ လစာနဲ့ပဲ အမှီပြု အသက်ရှင်နေကြတဲ့ မြန်မာနိုင်ငံက မိသားစုတွေအတွက် ငှဲ့ကွက်ပြီး ပြည်တော်မပြန်ပဲ ရှိတဲ့ငွေကို ကျစ်လစ်အောင်သုံးပြီး အလုပ်ဖွင့်မယ့်ရက်ကိုသာ တမျှော်မျှော် ဖြစ်နေကြရပါတယ်။

“ကျမမှာ သမီး ၂ယောက်ရှိတယ်။ ကျမ မိဘတွေနဲ့ မြန်မာပြည်မှာနေတယ်။ အလုပ်မရှိတော့ သူတို့ကို ငွေလည်း မလွှဲပေးနိုင်ဘူး။ ကျမတောင် ချေးငှားစားနေရတယ်” လို့ ဘန်ကောက်မြို့ အထည်ဆိုင်တစ်ခုမှာ အရောင်းကူဝန်ထမ်းလုပ်ခဲ့ပြီး ကိုဗစ်ကြောင့် အလုပ်ဖြုတ်ခံခဲ့ရသူ မအိဖြူစင်ဝင်းက ပြောပါတယ်။ သူမဟာ Single Mother တဦးလည်းဖြစ်ပါတယ်။

မြန်မာပြည်မှာ နေထိုင်တဲ့ မိဘနှစ်ပါးနဲ့ သူမသားသမီးတွေဟာ အိမ်ခန်းငှားနေရသလို သူမကလည်း ထိုင်းမှာ အခန်းငှားနေရတာကြောင့် လကုန်ရက်နီးတိုင်း မိဘအတွက်ရော သူမအတွက်ပါ စားဝတ်နေရေးအတွက် ကယောင်ခြောက်ခြားဖြစ်နေရကြောင်း သူမက ရင်ဖွင့်လာပါတယ်။

“အခု အခန်းခ မရှိလို့ ကျမ အစ်မလို ရင်းနှီးတဲ့ တစ်ယောက်ဆီမှာ လာကပ်နေတာ။ မြန်မာပြည်ပြန်ရင်လည်း အလုပ်မရဘူးလေ။ ဈေးအပေါဆုံး ကြက်ဥတွေ မာမားတွေစားပြီး အလုပ်ကို စောင့်နေရတာ။ ငတ်နေတဲ့အဆင့်ပါပဲ” ဟု မအိဖြူစင်ဝင်းက ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ တစ်လမှာ အိမ်ခန်းခအတွက် အနည်းဆုံး ဘတ်၂၀၀၀ (မြန်မာကျပ်ငွေ ၉၄၀၀၀ ကျပ်) ကနေ ဘတ် ၃၀၀၀ ( မြန်မာငွေ ၁၆၄၅၀၀ကျပ်) ကြား ပေးဆောင်ရပါတယ်။

ထိုင်းအစိုးရအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်တွင် အိမ်ခန်းငှားတဲ့ သူတွေကို အခန်းခ လျော့ပေးဖို့ ကြေညာချက်ထုတ်ပြန်ခဲ့သလို ထိုင်းနိုင်ငံသားတွေကို ကိုဗစ်ကာလအတွင်း တစ်လ ဘတ် ၅၀၀၀ (မြန်မာကျပ် ၂သိန်းကျော်) ထောက်ပံ့ပေးနေပါတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးတွေဟာ နိုင်ငံသားမဟုတ်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက်တော့ မဟုတ်ပါဘူး။

ကိုဗစ်-၁၉ ကြောင့် ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမတွေဟာ ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေ ဖြစ်တဲ့ လူမှုဖူလုံရေး အကျိုးခံစားခွင့်ကို မရရှိဘဲ အလုပ်ရပ်နားလိုက်ရတဲ့သူအရေအတွက်ဟာ ၁၀၀ မှာ ၉၀ ဦးလောက်ရှိတယ်လို့ ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားအရေးကို ကူညီစောင့်ရွက်နေသူတွေက ပြောလိုက်ပါတယ်။

“အလုပ်တွေ နားလိုက်တော့ ကိုယ်ဝန်သည်တွေ ကလေးမိခင်တွေ က ပိုထိတယ်။ ပကန်စခွန် (လူမှုဖူလုံရေးအာမခံ) ကလည်း မရတော့ ကိုယ်ဝန်သည်တွေ တပတ်တခါ ဆေးရုံ ရက်ချိန်းပြတဲ့စရိတ်တွေ၊ မရတော့ ဘယ်လို ဖြတ်ကျော်ရမလဲပေါ့” လို့ ဘန်ကောက်တွင် ရွှေပြောင်းအလုပ်သမားအမျိုးသမီးတွေကို ကူညီပေးနေတဲ့ မဦးက အမျိုးသမီးတွေရဲ့ အခက်အခဲကို ပြောပြပါတယ်။

ထိုင်းမှာ တရားဝင် အလုပ်လုပ်သူတိုင်း ထိုင်းဥပဒေအရ လူမှုဖူလုံရေးအာမခံစရိတ်ကို ပေးကြရပြီး အလုပ်သမားတွေအနေနဲ့ ဖျားနာမှု၊ မီးဖွားမှု၊ မသန်စွမ်းမှု၊ သေဆုံးမှု၊ ကလေးစရိတ်ထောက်ပံ့မှု၊ သက်ကြီးရွယ်အိုဖြစ်မှု၊ အလုပ်လက်မဲ့ဖြစ်မှုတွေအတွက် အာမခံကြေး လျှောက်ထားခွင့်ရှိကြပါတယ်။ ဒါပေမဲ့ ဥပဒေအရ အဆင့်ဆင်တိုင်ကြားရပြီး အချိန်ကြန့်ကြာမှုကြောင့် အလုပ်သမားတွေဟာ မစောင့်နိုင်ပဲ လက်လွှတ်လိုက်ရတာက များကြတယ်လို့ အလုပ်သမားကူညီပေးတဲ့သူတွေက ဆိုပါတယ်။

တရားဝင်လာရောက်လုပ်ကိုင်တဲ့ ရွှေ့ပြောင်းအမျိုးသမီးတွေဟာ ပြီးခဲ့တဲ့ မတ်လအတွင်းမှာပဲ အလုပ်သမားဗီဇာသက်တမ်းတိုးခဲ့ရတဲ့ကြောင့် ငွေကုန်ခဲ့ကြသလို ကပ်ရောဂါကြောင့် အလုပ်ရှင်တွေက အမျိုးသမီးတွေကို အရင်ဆုံး အလုပ်ဖြုတ်ကြတာများတယ်လို့ ချင်းမိုင် အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများကို ကူညီပေးတဲ့ MAP ဖောင်ဒေးရှင်းက အမျိုးသမီးကဏ္ဍကို ဆောင်ရွက်နေတဲ့ မမိုင်က ပြောပါတယ်။

Photo: MAP Foundation


“အမျိုးသမီးတွေက အမျိုးသားတွေထက် ဒီကာလမှာ ပိုကြပ်တည်းတယ်။ ကိုယ်ဝန်သည်တွေလည်း စိုးရိမ်မှုတွေနဲ့ ဒီကာလကို ကျော်ဖြတ်နေရတယ်။ ဒီကာလက အမျိုးသမီးတွေ ပြဿနာ အများကြီးရှိတယ်” လို့ မမိုင်က ဆိုပါတယ်။

လက်ရှိမှာတော့ ကိုဗစ် ကြား အလုပ်လက်မဲ့ဖြစ်နေတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်က အမျိုးသမီးတွေအတွက် လစဉ်သုံး ပစ္စည်းတွေ၊ စားစရာ ကုန်ခြောက်အနည်းငယ်ကို MAP ဖောင်ဒေးရှင်းက ဝေပေးမှု ရှိခဲ့သလို ဧရာဝတီသတင်းဌာနအပါအဝင် အလှူရှင်အချို့ကလည်း ချင်းမိုင်ရောက် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် စားစရာများ လှူဒါန်းမှုတွေလည်း ရှိခဲ့ပါတယ်။

အခုဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကြောင့် ကမ္ဘာအနှံ့ လူဦးရေး ၄ဒသမ ၈သန်း ကျော် ကူးစက်ခံရပြီး သေဆုံးသူ ၃သိန်း အထိရှိလာပြီး ထိုင်းနိုင်ငံမှာတော့ ကူးစက်ခံရသူ (၃၀၈၄) ဦးရှိပြီး၊ သေဆုံးသူ ၅၈ဦးထိ ရှိနေပြီဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကြောင့် အလုပ်ရပ်နားခံ ရွှေ့ပြောင်းအမျိုးသမီးတွေကတော့ ဒီလိုကြိုကြား ကြိုကြား လှူပေးတဲ့ အစားအသောက် ကုန်ခြောက်တွေကို အမှီပြုပြီး အသက်ဆက်နေရင်း မြန်မာနိုင်ငံမှာ ဝင်ငွေမရှိ ဒုက္ခရောက် ကျန်နေခဲ့တဲ့ မိသားစုတွေကို ငွေပြန်ပို့နိုင်ဖို့အရေး အလုပ်ပြန်ခေါ်မယ့်ရက်ကိုပဲ တစ်ရက်ပြီးတစ်ရက် မျှော်လင့်နေကြရပါတယ်။

“ရှေ့ဆက်အဆင်ပြေဖို့ ကလေးတွေကို ကျောင်းစရိတ်တွေ စားစရိတ်တွေ ငွေလွှဲပေးနိုင်ဖို့နဲ့ မိဘတွေကို လည်း ထောက်ပံ့နိုင်ဖို့ ကိုဗစ်ကာလမှာ အလုပ်ရဖို့ပဲ ဆုတောင်းနေရတယ်” လို့ ကလေး ၂ယောက် ရဲ့ မိခင်တဦးဖြစ်တဲ့ မအိဖြူစင်ဝင်းက ပြောပါတယ်။

နန်းဆိုင်နွမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013