DVB Logo
Home
မြန်မာသတင်း
မဟာချိုင်တွင် ပွဲစားက လိမ်လည်ငွေယူပြီးပစ်ထားခံရသည့် မြန်မာလုပ်သား ၁၀၀ ခန့် ပိတ်မိနေ 
DVB
·
June 4, 2020
မဟာချိုင်တွင် ပွဲစားက လိမ်လည်ငွေယူပြီးပစ်ထားခံရသည့် မြန်မာလုပ်သား ၁၀၀ ခန့် ပိတ်မိနေ 
1 / 6
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဆမွတ်ဆာခွန်းခရိုင်၊ မဟာချိုင်မြို့ထဲမှာ ပွဲစားတွေက နေရပ်ပြန်ပို့ပေး မယ်ဆိုပြီး လာပစ်ထားတဲ့ မြန်မာလုပ်သား ၁၀၀ လောက် အိမ်မပြန်နိုင်ဘဲ ဂိုဒေါင်တစ်လုံးမှာ ပိတ်မိနေပါတယ်။ 

မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံ အနယ်နယ်အရပ်ရပ်ကနေ ကိုဗစ်-၁၉ ကာလ မြန်မာပြည် ပြန်လို ပေမယ့် ပတ်စ်ပို့ / အလုပ်သမားကတ် စတဲ့ သက်သေအထောက်အထားမပြည့်စုံတာကြောင့် ပွဲစားအကူအညီနဲ့ နေရပ်ပြန်ဖို့ ကြိုးစားကြတာဖြစ်ပါတယ်။

ဒါပေမယ့် ပွဲစားက ငွေယူပြီး မြန်မာပြည်ပြန်မပို့ဘဲ မဟာချိုင်ရှိ  ဂိုဒေါင်ကြီးတစ်လုံးထဲမှာ လာစုထားတာ တစ်ချို့က တစ်ပတ်ကျော်ရှိပြီး တချို့က တစ်လကျော်ပြီလို့ AAC  မြန်မာ အလုပ်သမား ကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“ထိုင်းနိုင်ငံ နေရာအနှံ့က ဖြစ်တယ်။ မြန်မာပွဲစား ထိုင်းပွဲစားပေါင်းစုံက လာပြီးထားသွားတဲ့ လူတွေ၊ အရင်က လက်မှတ်မရှိတဲ့လူတွေဆိုရင် ထိုင်းလ၀ကနဲ့ပေါင်းပြီးတော့ ပို့ပေးခဲ့တယ်။ သူတို့ဆီကနေ တစ်ယောက်ကို ဘတ် ၃၀၀၀ ကနေ ဘတ် ၅၀၀၀ အထိ ကောက်ထားတာ။ ဒါပေမယ့် အခုက တစ်လလောက်ရှိပြီ မပြန်ရသေးဘူး။ စားစရာအခက်အခဲရှိလို့ စေတနာရှင်/ အလှူရှင်တွေက သွားကျွေးနေရတယ်။ သူတို့ကို ဘယ်လိုကူညီနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား သံအရာရှိဆီ အကြောင်းကြားထားပါတယ်။”

အလုပ်သမားတွေဟာ အခန်းဖွဲ့မထားတဲ့ ကားဂိုဒေါင်လို ရုံကြီးထဲမှာ စုပြီးအိပ်ရကြောင်း၊ မိုးရွာတဲ့အခါ မိုးပက်လို့ ဒုက္ခ ရောက်ရကြောင်းနဲ့  လာပို့ထားတဲ့ပွဲစားကလည်း ဘယ်နေ့ပြန်ရမလဲဆိုတာ အတိအကျမပြောဘူးလို့  ပိတ်မိနေတဲ့ မြန်မာအလုပ်သမား တစ်ဦးက  ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့က အသုတ်လိုက်လာထားထားတာ။ ကျနော်တို့က ၄ ယောက်။ တစ်ယောက်ကို ဘတ် ၃၅၀၀ ပေးရတယ်။ စက်ရုံပိတ်လို့ ပြန်ကြတာ စက်ရုံပိတ်တာ ၂ လလောက်ရှိပြီ။ ဒီမှာရောက်လာတာကတော့ ၆ ရက်ရှိပြီ။ တချို့က ၁ လကျော် ၂ လ ကြာလာစောင့်နေတဲ့ သူတွေ လည်းရှိတယ်၊   ဘယ်နေ့ပြန်ရမလဲဆို အတိအကျမပြောဘူး။ အများနဲ့လုပ်နေရတာ စောင့်ပေါ့လို့ ပြောတယ်။ ဂိုဒေါင်ထဲမှာ စုအိပ်ရတယ်၊ ယောက်ျားသပ်သပ်  မိန်းမသပ်သပ်၊ ကျနော်တို့ စုအိပ်တာ အ‌ယောက်  ၄၀ ကျော်တယ်။ မိန်းမဘက်မှာ ကလေးတွေလည်းပါတယ်။ ရေမီးတော့ ရှိပါတယ်။ စားစရာက အလှူရှင်တွေ လာကြွေးတယ်၊ အဓိကက အမြန်ဆုံးပြန်ချင်တယ်။” 

ပိတ်မိနေတဲ့ အလုပ်သမားတွေကို အကူအညီပေးနိုင်ဖို့အတွက် မြန်မာအလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်နဲ့ ဦးရဲရန်အောင်တို့က လိုအပ်တာတွေ ဆောင်ရွက်ပေးနေတယ်လို့ ကိုရဲမင်းက ပြောပါတယ် ။ 

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုကြောင့် အလုပ်လက်မဲ့တွေများပြီး မြန်မာ အလုပ်သမားတွေ အမြောက်အများ နေရပ်ပြန်နေကြပါတယ်။

ကိုဗစ်-၁၉ အရေးပေါ်ကာလမှာတော့ ခရီးသွားလာခွင့်တွေ ပိတ်ပင်ထားလို့ ထိုင်းမြန်မာသံရုံးက ထိုင်းအစိုးရနဲ့ညှိနှိုင်းပြီး  သောင်းနဲ့ချီတဲ့အလုပ်သမားတွေကို   ဘတ်စ်ကားတွေနဲ့ ပြန်ပို့ပေးနေပါတယ်။

ဒါပေမယ့် အထောက်အထားမရှိတဲ့အလုပ်သမားတွေက ပွဲစား/ ကားသမားတွေနဲ့ ပြန်ကြရာမှာ လမ်းမှာစစ်ဆေးရေးဂိတ်ရှိတယ်လို့ သိရရင် ပွဲစား/ကားသမားတွေက သူတို့အပြစ်ရှိမှာစိုးလို့ အလုပ်သမားတွေကို လမ်းခုလပ်မှာ ချထားခဲ့တာရှိပါတယ်။ 

ကိုဗစ်-၁၉ ကာလ အဲဒီလို လမ်းမှာ ပစ်ထားခံရတဲ့ မြန်မာအလုပ်သမားတွေ ၂၀၀ ကျော်ရှိတယ်လို့ မြန်မာအလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ပြောပါတယ်။  

ဓာတ်ပုံ- Ye Min

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013