
ရန်ကုန်မှာ စစ်ဘေးရှောင် ၁၁ တန်းနဲ့ ၁၂ တန်း ကလေးတွေကို ကျောင်းအပ်လက်မခံတာကြောင့် ဒီနှစ် ကျောင်းမတက်ရတဲ့ ကလေးတွေ များတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
စစ်ဘေးရှောင် ၁၁ တန်းနဲ့ ၁၂ တန်း ကလေးတွေကို တိုက်ပွဲဖြစ်ရာ ဒေသက ကျောင်းပြောင်း လက်မှတ် (TC) ကို အဓိကထား တောင်းပြီး ကျောင်းပြောင်းလက်မှတ် မပေးနိုင်တဲ့သူကို ကျောင်းအပ် လက်မခံဘူးလို့ ရခိုင်စစ်ဘေးရှောင်တယောက်က DVB ကို ပြောပါတယ်။
“စစ်ဘေးရှောင်တွေထဲမှာ အဓိကကန့်သတ်တာ ရခိုင်နဲ့ ရှမ်းမြောက်ပဲ။ အဲ့ဒေသက စစ်ဘေးရှောင် ၁၁ တန်း နဲ့ ၁၂ တန်းဆို ကျောင်းပြောင်းလက်မှတ် ရအောင်ယူပေး၊ မရရင် ကျောင်းအပ်လို့ မရဘူး။ TC အခက်အခဲကြောင့် ကျောင်းမတက်ရတဲ့သူတွေ အများကြီး။”
ဒီနှစ် ပညာသင်နှစ်မှာ စစ်ဘေးရှောင် ၁၁ တန်းနဲ့ ၁၂ တန်း ကလေးတွေကို ကျောင်းအပ်လက်မခံဖို့ မြို့နယ်ပညာရုံးမှူးတွေက အခြေခံပညာအထက်တန်းကျောင်းတွေကို ညွှန်ကြားထားတာလို့ ရှမ်းမြောက်စစ်ရှောင် တယောက်က DVB ကို ပြောပါတယ်။
“မြို့မရှိတော့ဘူး၊ ရွာမရှိတော့ဘူး၊ အုပ်ချုပ်ရေးယန္တရား မရှိတော့တဲ့ မြို့နယ်မှာ ဘယ်လို ကျောင်းပြောင်းလက်မှတ် သွားယူမလဲ။ အဲဒီအခက်အခဲကို ပညာရေးဘက်က စီစဥ်ပေးရမှာ မဟုတ်ဘူးလား။ အဲဒီပြဿနာကို မဖြေရှင်းဘဲနဲ့ စစ်ရှောင်တွေကို ကျောင်းအပ်လက်မခံဘူး ဆိုတော့ ကလေးတွေ ကျောင်းမတက်ရတာဘဲ အဖတ်တင်မယ်။”
စစ်ဘေးရှောင် ၁၁ တန်းနဲ့ ၁၂ တန်းကို ကျောင်းအပ်လက်မခံဖို့ ပညာရေးဝန်ကြီးဌာနကို ပြည်ထဲရေး က မတ် ၂၄ ရက်မှာ ညွှန်ကြားထားတာလို့ တိုင်းပညာရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“စစ်ဘေးရှောင်တွေကို ကျောင်းအပ်လက်မခံဖို့ မတ်လတည်းက ပြည်ထဲရေးဝန်ကြီးက ညွှန်ကြား ထားတာ။ ပညာရေးဝန်ကြီးဌာနကတဆင့် မြို့နယ်ပညာရေးမှူးရုံးတွေကို ကြေးနန်းပို့ အကြောင်းကြားတာ။”
ပြည်ထဲရေးဝန်ကြီးရဲ့ ညွှန်ကြားချက်ထဲမှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ရခိုင်၊ ရှမ်းမြောက်၊ ကရင်နီနဲ့ ချင်းပြည်နယ်က စစ်ဘေးရှောင် ၁၁ တန်းနဲ့ ၁၂ တန်း ကလေးတွေကို ကျောင်းအပ်လက်မခံဖို့ ပါရှိတာလို့ ဆိုပါတယ်။
၁၁ တန်းနဲ့ ၁၂ တန်းကို ကန့်သတ်ထားပေမဲ့ စစ်ဘေးရှောင် ၁ တန်းကနေ ၈ တန်း ကလေးတွေကို Placement Test ဝင်ခွင့်စာမေးပွဲကို ဇွန် ၁၅ ရက်ကစပြီး အခြေခံအထက်တန်းကျောင်းတွေမှာ ပြုလုပ်နေပါတယ်။










