
မကွေးတိုင်း၊ ဆောမြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းမှာရောက်နေတဲ့ စစ်ရှောင် ကလေးငယ် ၅၀ လောက် ပညာသင်ကြားနိုင်ဖို့အတွက် ယာယီစာသင်ဆောင်ဆောက်လုပ်ဖို့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေနဲ့ သင်ကြားရေး ဆရာမတွေက ပြောပါတယ်။
အခုစစ်ရှောင်စခန်းဟာ ဆောမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာ ပြေးလွှားနေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ စုစည်းနေထိုင်နေကြတဲ့ လမ်းဘေး စစ်ရှောင်စခန်းတခုဖြစ်ပါတယ်။
အဲဒီစခန်းမှာရှိတဲ့ စစ်ဘေးရှောင်မိသားစုတွေထဲက ငွေကြေးတတ်နိုင်သူတချို့ရဲ့ ကလေးတွေကို ဘေးကင်းရာဒေသတွေဆီသို့ ကျောင်းသွားတက်ခိုင်းကြပေမဲ့ ငွေကြေးမတတ်နိုင်ဘဲ အခက်အခဲ ဖြစ်နေတဲ့ ကလေးငယ် ၄၀ ကျော် ၅၀ လောက်ကတော့ ပညာရေးလက်လှမ်းမမီဘဲ ဖြစ်နေရတာပါ။
ဦးဆောင်သင်ကြားပေးနေတဲ့ ဆရာမတယောက်က “ကလေးတွေ ပညာရေး နောက်ကျကျန်ခဲ့မှာကို မိဘတွေရော ကော်မတီတွေကပါ တော်တော်ကြီးကို စိုးရိမ်နေကြတာပါ။ ဒါကြောင့် ပညာရေးမိသားစုတွေနဲ့ တိုင်ပင်ပြီး ဒီလကုန် ဒါမှမဟုတ် လာမဲ့ လဆန်းမှာ ကျောင်းပြန်ဖွင့်နိုင်အောင် စီစဉ်ထားပြီး ခွင့်ပြုချက်လည်း ရထားပါပြီ။ ဒါပေမဲ့ ကလေးတွေစာသင်ဖို့ အမိုးအကာ စာသင်ဆောင် မရှိသေးပါဘူး” လို့ DVB ကို ပြောပါတယ်။
အရင်က စာသင်ကြားခဲ့တဲ့ကျောင်းဆောင်တွေဟာ တိုက်ပွဲတွေကြောင့် ပျက်စီးသွားခဲ့ရလို့ အခု စခန်းသစ်မှာ ယာယီအဆောက်အအုံဆောက်ဖို့ သစ်၊ တိုင်၊ သက်ကယ်၊ ဝါးနဲ့ သံ စတဲ့ ပစ္စည်းတွေ လိုအပ်နေတာပါ။
ပြီးတော့ သင်ပုန်းနဲ့ သင်ထောက်ကူပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဒေသခံ စစ်ရှောင်ကူညီရေးကော်မတီတွေက ကလေးတွေရဲ့ ပညာရေး မပြတ်တောက်စေဖို့ ဦးဆောင်ကြိုးပမ်းနေကြပြီး ကူညီထောက်ပံ့ချင်တဲ့ အလှူရှင်တွေအနေနဲ့ လက်ရှိ ဆောမြို့နယ်တောင်ပိုင်းမှာ သင်ကြားပေးနေတဲ့ ပညာရေးဝန်ထမ်းတွေကို တိုက်ရိုက် ဆက်သွယ်နိုင်ပြီး ကူညီနိုင်တယ်လို့လည်းသိရပါတယ်။











