DVB Logo
Home
Lead Story
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံးကို  လွှတ်ပေးရန် ကုလအတွင်းရေးမှူးချုပ်တောင်းဆို 
DVB
·
April 18, 2026
Photo: Reuters
Photo: Reuters
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံ ထားရသူအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့  ကုလသမဂ္ဂက အကြီးအကဲက မြန်မာစစ်အာဏာရှင်ကို  တောင်းဆိုလိုက်ပါတယ်။ 

ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့က အကျဉ်းသား ၄,၃၀၀ ကျော်ကို စစ်အာဏာရှင်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တာမှာ  ပြည်သူရွေးကောက်တင်မြှောက်ခံ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံရေး အကျဉ်းသားတချို့ ပြန်လွတ်လာပေမဲ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်သောင်းချီတဲ့ နိုင်ငံရေးကျဉ်းသားတွေ ပြန်လွတ်မလာသေးဘဲရှိနေတာပါ။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်မဲ့နည်းလမ်း ဆက်လက်ရှာဖွေဖို့ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က "အကျဉ်းသားတွေကို လွှတ်ပေးတာ၊ ပြစ်ဒဏ်လျှော့ပေါ့တာ၊ သေဒဏ်ကနေ တသက်တကျွန်း ပြောင်းလဲသတ်မှတ်တာတွေ ပါဝင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်နဲ့ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးလိုက်တဲ့ သတင်းတွေအပေါ် အတွင်းရေးမှူးချုပ်အနေနဲ့ မှတ်သားသိရှိပါကြောင်း" သတင်းထောက်တွေကို ပေးပို့တဲ့ စာမှာ ပြောပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရ သူအားလုံး အမြန်ဆုံး လွတ်မြောက်လာစေရေး သေချာစေဖို့နဲ့ ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေဖြစ်ပေါ်လာဖို့ အထောက်အကူပြုမဲ့ အခြေအနေတွေ ဖန်တီးပေးရေးအတွက် အဓိပ္ပာယ်ရှိတဲ့ ကြိုးပမ်းအားထုတ်မှုတွေ လိုအပ်ကြောင်း  အတွင်းရေးမှူးချုပ်က အလေးအနက်ထား ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံတို့က တောင်းဆိုထားတဲ့အတိုင်း မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့ အဖြေတရပ်ရရှိရေး ကြိုးပမ်းမှုတွေကို ကုလသမဂ္ဂအပါအဝင် ဒေသတွင်းအဖွဲ့အစည်းဖြစ်တဲ့ အာဆီယံ (ASEAN) နဲ့ တခြားမိတ်ဖက်တွေက ဘယ်လိုကူညီပံ့ပိုးပေးနိုင်မလဲဆိုတာကို သက်ဆိုင်ရာ ပါဝင်ပတ်သက်သူ အားလုံးနဲ့ ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့တို့အကြား ဆက်လက်ဆွေးနွေးဖို့လည်း အတွင်းရေးမှူးချုပ်က ထပ်လောင်းတိုက်တွန်းခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး ဗော်ကာတာ့ခ်ကလည်း မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရတဲ့ သမ္မတဦးဝင်းမြင့်နဲ့ တခြားအကျဉ်းသားတွေကို လွှတ်ပေးဖို့ အချိန်ကြာမြင့်စွာ နှောင့်နှေးနေခဲ့ရာကနေ အခုလို လွှတ်ပေးလိုက်တဲ့အပြင် သေဒဏ်တွေကို ပြောင်း လဲသတ်မှတ်ပေးလိုက်တဲ့အတွက် “စိတ်သက်သာရာရ”တယ်လို့လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

“နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးခံထားရသူအားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ လိုအပ်ပါတယ်” လို့ ဗော်ကာတာ့ခ်က ပြောပါတယ်။

ဒါအပြင် မြန်မာပြည်သူတွေအပေါ် မညှာမတာ အကြမ်းဖက်နေမှုတွေကိုလည်း အဆုံးသတ်ရမယ်လို့ လည်းပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အဏာရှင်က သူ့ကိုယ်သူ သမ္မတအဖြစ်ခန့်အပ်ထားပေမဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကတော့ သမ္မတဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ တရားဝင် သမ္မတဖြစ် လက်ရှိ အချိန်အထိ ဆက်လက်သတ်မှတ်ထားတာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာစသိမ်းကတည်းက ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ပြည်သူရွေးကောက်တင်မြှောက်ခံ သမ္မတဦးဝင်းမြင့်ဟာ မနေ့က တောင်ငူထောင်ကနေ ပြန်လွတ်လာပြီး နေပြည်တော်က သူ့မိသားစု ငှားထားတဲ့အိမ်မှာ ရောက်ရှိနေပါတယ်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြားသော ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ အကျဉ်းထောင်တွေ အသီးသီးမှာ ဆက်လက် အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013