
အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုပြည်နယ်မှာရှိတဲ့ ကားမောင်းသူတွေဟာ လောင်စာဆီ ဈေးတက်တာနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။
ဧပြီ ၄ ရက်က ချီကာဂိုမြို့ရဲ့ ဓာတ်ဆီဆိုင် တဆိုင်မှာတော့ ဒေသခံ ပရဟိတသမား ဝီလ်ဆန်က လူတယောက်ကို ၃၅ ဒေါ်လာဖိုး ဆီလှူဒါန်းခဲ့လို့ ကားမောင်းသူတွေကလည်း တန်းစီ စောင့်ဆိုင်းပြီး ဆီထည့်ခဲ့တာ တွေ့ရပါတယ်။
ဆီဈေးနှုန်းအဆမတန် မြင့်တက်နေတဲ့အချိန် ကားသမားတွေကို မေးမြန်းခဲ့မှုမှာ သူတို့က သမ္မတထရမ့်ပ်ကို အပြစ်တင်တယ်လို့ တညီတညွတ်တည်း ဖြေကြားခဲ့ပါတယ်။
ချီကာဂိုမြို့ခံ ရစ်ဘာတောက “ဆီဈေးတက်ချက်က ကြောက်စရာပါ။ အဲဒါကြောင့် ဒီလို အလကားပေးနေတဲ့ နေရာမှာ လာတန်းဆီနေရတာပေါ့။ ဆီရဖို့ ၁ နာရီခွဲလောက် စောင့်ခဲ့ရပါတယ်”လို့ ပြောပါတယ်။
တခြားမြို့ခံ တွမ်ကလည်း ဆီဈေးနဲ့ တခြားကုန်ဈေးနှုန်းတွေကျဖို့ ထရမ့်ပ်က လုပ်ရမှာဖြစ်ပေမဲ့ တက်အောင်ပဲ လုပ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
မြို့ခံစမစ်က “ကျနော်တို့က ထရမ့်ပ်ကိုပဲ အပြစ်တင်တယ်”လို့ ဆီတန်းစီရင်း ဖြေကြားခဲ့ပါတယ်။
အီရန်စစ်ပွဲ ဒုတိယလထဲကို ရောက်လာချိန်မှာ ကမ္ဘာ့ ဆီဈေးနှုန်း ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့တာပါ။
အမေရိကန်မှာ ထရမ့်ပ်ကို ထောက်ခံမှုလည်း ၃၆ ရာခိုင်နှုန်းသာ ရှိပြီး ဒီရာခိုင်နှုန်းဟာ သူ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့တလျှောက် အနည်းဆုံး ဖြစ်ပါတယ်။
အီရန်စစ်ပွဲနဲ့ပတ်သက်လို့လည်း ထရမ့်ပ်ဟာ လူထုထောက်ခံမှုမရဘဲ စစ်တမ်းဖြေဆိုတဲ့ အမေရိကန်ပြည်သူ ၆၀ ရာခိုင်နှုန်းက အီရန်စစ်ပွဲကို မထောက်ခံဘူးလို့ ဆိုပါတယ်။
လက်ရှိအမေရိကန်မှာ ဆီ ၁ ဂါလန် ဈေး ၄ ဒသမ ၁ ဒေါ်လာကို ရောက်ရှိလာပြီး ဒါဟာ ပြီးခဲ့တဲ့အပတ်ကထက် ၁၂ ရာခိုင်နှုန်းဈေးတက်ခဲ့တာလို့ AAA စစ်တမ်းက ဖော်ပြပါတယ်။
အီရန်စစ်ပွဲစတင်ချိန်ကနဲ့ နှုန်းယှဉ်ရင် ဓာတ်ဆီဈေးက ၃၇ ရာခိုင်နှုန်းအထိ တက်လာတာလို့လည်း ဖော်ပြပါတယ်။
အမေရိကန်ရဲ့ ကယ်လီဖိုးနီးယားပြည်နယ်က ဆီဈေးအများဆုံးဖြစ်ပြီး ၁ ဂါလန်ကို ၅ ဒသမ ၉၂ ဒေါ်လာအထိ မြင့်တက်နေကာ အနိမ့်ဆုံးပြည်နယ်က အိုကလာဟိုးမားဖြစ်ပြီး ၃ ဒသမ ၃၉ ဒေါ်လာ ရှိပါတယ်။
Source: Reuters










