DVB Logo
Home
Lead Story
ပန်းကလေးများပွင့်တော့မည်
DVB
·
May 28, 2020
ပန်းကလေးများပွင့်တော့မည်
Donate to DVB

“ကျောင်းတခါးကြီးပွင့်လေပြီ။

မိုးဦးရာသီ၊ မိုးရာသီ။

လွယ်အိတ်ကိုယ်စီ လွယ်ပါလို့။

 ကျောင်းကိုသွားစို့ ကျောင်းသွားစို့။”

ကျောင်းများပြန်လည်ဖွင့်တော့မည်ဆိုသည်နှင့် ကဗျာဆရာတင်မိုး၏ ‘ကျောင်းတော်ဝင်’ ကဗျာလေးကို အော်ဟစ်သီဆိုရင်း ကျောင်းတက်ခဲ့ရသော ကလေးငယ်ဘဝကို ပြန်လည် ခံစားလိုက်ရသည်။

မိုးဦးကာလရောက်ပြီ။ မိုး တစ်ပြိုက် နှစ်ပြိုက်ကျသည်နှင့် ရောင်စုံပန်းတို့ ဖူးတံချီကာ ပွင့်ကြတော့မည်။ ပူပြင်းသော နွေဥတုကို ဖြတ်ကျော်လွန်မြောက်စပြုပြီ။ အပူရှိန်ကား လုံးဝ လျော့ပါးသွားသည်တော့မဟုတ်။ သည်အချိန် သည်ကာလရောက်သည်နှင့် စိန်ပန်းတို့ ရဲရဲနီပွင့်ကြပြီ။ ကျောင်းဖွင့်ချိန်၏ သတိပေးခေါင်းလောင်းထိုးသံတခုဟုပင် ထင်ရသည်။ ပုံမှန်ဆိုလျှင် ဇွန်လဆန်းသည် ကျောင်းဖွင့်ချိန်ပင်ဖြစ်ခဲ့သည်။

ကျောင်းဖွင့်သည်နှင့် အဖြူအစိမ်းဝတ်ကလေးငယ်တို့ လန်းဆန်းတက်ကြွ သစ်လွင်တောက်ပစွာ ကျောင်းသွားကြပုံကို မြင်ယောင်မိသည်။ အချို့ကလေးငယ်တို့ကား အမေ့ရင်ခွင်ထဲမှထွက်၍ မသွားလိုကြသည်လည်းရှိသည်။ အချို့လည်း အော်ဟစ်ငိုယို ရုန်းကန်ရင်း ကျောင်းသို့ ရောက်သွားရသည်တို့လည်းရှိသည်။ မိဘက အတင်းအကျပ် ရိုက်နှက်၊ ကျောင်းပို့ရသည်တို့လည်း ရှိတတ်စမြဲပင်။ ထိုကလေးငယ်တို့သည်လည်း တဖြည်းဖြည်း ကျောင်းနေပျော်လာကြတော့သည်။ ဤကား ကလေးငယ်တို့၏ သဘာဝတခုပင်။

မှန်သည်။ ကလေးငယ်တယောက်အဖို့ အမေ့ရင်ခွင်သည်သာ သူ့အတွက် အလုံခြုံဆုံးဖြစ်သကဲ့သို့ သူ့ကမ္ဘာလည်းဖြစ်သည်။ အမေ့ရင်ခွင်သည်သာ သူ့အတွက် လွတ်လပ်ပျော်ရွှင်ဆော့ကစားရာနယ်လည်းဖြစ်သည်။ လွတ်လပ်ပျော်ရွှင်ကြည်မွေ့ဖွယ်ရာ အမေ့ရင်ခွင်မှခွဲခွာ၍ သွားရောက်သင်ကြားရမည့်စာသင်ခန်းသည်လည်း ကလေးငယ်အတွက်မူ လွတ်လပ်ပျော်ရွှင် နားခိုနေရာတခု ဖြစ်သင့်ပေသည်။ လေးဘက်လေးတန်အကာအရံသည် ကလေး ငယ်ကို မွန်းကျပ်လာခြင်းမဖြစ်အောင် လွတ်လပ်ပျော်ရွှင်ခွင့်ပေးကြရလိမ့်မည်။

ကလေးငယ်အတွက်လည်း လောကသစ်၊ ဝန်းကျင်သစ်တွင် သင်ယူမှုအသစ်တို့ စတင်သောအချိန်ပင်။ ‘သူငယ်တန်း’ဟုဆိုသော်လည်း ကလေးငယ်၏ ပတ်ဝန်းကျင်မှ သင်ယူမှုအစဖြစ်သဖြင့်လည်း အရေးကြီးဆုံးအချိန်ဟုဆိုရမည်သာ။ တကယ်တမ်းပြောရလျှင် ကလေးငယ်သည် ကျောင်းသို့မရောက်မီ သူကျင်လည်ခဲ့ဖူးသောပတ်ဝန်းကျင်ကို ပုံရိပ်တခုလို စွဲနေတတ်သည်။ သူ့ဝန်းကျင်သည် ရောင်စုံပန်းခင်လည်းဖြစ်နိုင်သည်။ ကစားကွင်းလည်းဖြစ်နိုင် သည်။ အမေ၏ချော့မြှူခြင်းလည်း ဖြစ်နိုင်သည်။

ထို့ကြောင့် ကလေးငယ်ကျင်လည်သင်ယူခဲ့ဖူးသော ပတ်ဝန်းကျင်ဟောင်းနှင့် ပတ်ဝန်းကျင်သစ်ဖြစ်လာမည့် ကျောင်းတို့ အဆက်အစပ်ရှိရန်လိုအပ်သည်။ ကလေးငယ်ကျင်လည်ခဲ့ရာဝန်းကျင်အဟောင်းသည် ကျယ်ပြန့်၍ လွတ်လပ်သောဝန်းကျင်ဖြစ်သည်။ ကျဉ်းမြောင်းသော စာသင်ခန်းတခုမဟုတ်။ သို့ရာတွင် မြို့ကြီးများ၌ ကလေးငယ်၏ စာသင်ခန်းသည် မကျယ်ပြန့်နိုင်။ သို့အတွက် ကလေးငယ်တို့ကျင်လည်ခဲ့ဖူးရာ ပတ်ဝန်းကျင်အဟောင်းနှင့် ဆိုင်သော ကဗျာ၊ ပန်းချီ၊ အနုပညာများဖြင့် ရွတ်ဆိုစေခြင်း၊ တေးသံအချို့ကို သံပြိုင်သီ ဆိုစေခြင်းတို့ဖြင့် ဝန်းကျင်ဟောင်းကို နိုးဆွပေးကြရမည်သာ။

ဤကာလတွင် ကလေးငယ်ကို လွတ်လပ်စွာပတ်ဝန်းကျင်မှ သင်ယူခွင့်ပေးကြရမည်ဖြစ်သည်။ ယင်းသို့သောကလေးငယ်လွတ်လပ်ခွင့်အရေးပါခြင်းကြောင့် ပြင်သစ်ပညာရှိ ရူးဆိုးက ကလေးငယ်၏ လွတ်လပ်ခွင့်ကို စတင်တိုက်ပွဲဝင်ပေးခဲ့သည်ဟုဆိုရသည်။ သူ့အယူအဆတွင် ပညာရေးမှာ “ကလေးငယ်တွေကို လေးစားရမည်။  ကလေး၏ သဘာဝလိုအင်ကို ထည့်တွက်ရမည်။ စာအုပ်ကြီးများဖြင့် ဖိပြီးသင်မပေးရ။ ကလေးခါးချိသွားမည်။ ကလေး၏ဆရာအစစ်သည် သဘာဝတရားသာ။ အတွေ့အကြုံကသူ့ကို သင်ကြားပေးသွားလိမ့်မည်”ဟု ဆိုခဲ့ပါသည်။

ပညာရေးသည် ကလေးငယ်၏သဘာဝအပေါ် အခြေခံသင့်သည်။ လက်တွေ့ဘဝကို အခြေခံ၍ အရာရာကို စူးစမ်းခွင့်ပေးရမည်ဟု ယူဆသူတို့လည်းရှိပါသည်။ ဆရာမောင်ဖြူးကတော့ “ကလေးဟာ သူ့ကိုသင်ခြင်းထက် ညွှန်ကြားမှုကို နှစ်သက်တယ်။ သူ့ဖာသာလုပ်ကြည့်လိုတယ်။ ကလေးခေါင်းထဲကို အသိပညာရိုက်မသွင်းရဘူး။ သူ့ဦးနှောက်မှာရှိတဲ့ သူ့ရဲ့ ဉာဏ်စွမ်းဉာဏ်စကို ထုတ်ယူမှပညာဖြစ်တယ်။ ကလေးကို ချော့တာချောက်တာမလုပ်ရဘူး။ ချစ်ပြီးသင်တာကမှ နည်းကောင်းလမ်းမှန်”ဟုဆိုသည်။

ဆရာမောင်ဖြူးပြောလိုသော ‘ချော့’တယ်ဆိုတာ ကလေးငယ်ကို “အများထက်ထူးချွန်ရမယ်။ ပထမရရမယ်။ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ စစ်ဗိုလ်ကြီးဖြစ်ရမယ်”ဆိုတဲ့ အခွင့်ထူးခံစိတ်ဝင်လာအောင် လှုံဆော်ပေးတဲ့၊ သွေးဆောင်ခြင်းအပိုင်းကို ဆိုလိုဟန်ဖြစ်တယ်။ တဆုံးမထဲ ဆုံးမနေတာတွေကိုတော့ ဆရာမောင်ဖြူးကလက်မခံပါဘူး။ ကလေးငယ်ရဲ့ ဖြူစင်သန့်ရှင်းတဲ့ ဦးနှောက်ကို  အစွန်းအထင်းမခံစေချင်ဟန် ရှိသည်။ ဆရာမောင်ဖြူးသည် အစဉ် အလာမှ ကလေးတွေအပေါ်တွင် မိဘနှင့်ဆရာသမားများ ကျင့်သုံးခဲ့သည့် “စေတနာအာဏာရှင်”မျိုးကို မကျင့်သုံး စေလိုဟန်ကိုလည်း ဖော်ပြခဲ့ပါသည်။

ကလေးငယ်များ၏ပညာရေးနှင့်ပတ်သက်၍ သမားစဉ်များ၏ မျှော်မြင် စဉ်းစားခဲ့ကြသည်တို့မှာလည်း မှတ်သားနာယူဖွယ်ရာပင်။ ‘ကစားခြင်းသည်ကလေး၏အလုပ်’ ဆိုသကဲ့သို့ ကလေးငယ်များအား စာအုပ်ကြီးနှင့်ဖိထားခြင်းထက် ပျော်ရွှင်လွတ်လပ်ပေါ့ပါးစွာ သီဆိုကခုန် ဆော့ကစားရင်း ဖူးပွင့်လာစေရန်မှာ ဆရာမိဘနှစ်ဖြာ သတိပြု စောင့်ရှောက်ကြရမည်သာ ဖြစ်သည်။

မကြာမီ ပြန်လည်ဖွင့်လှစ်တော့မည့် အခြေခံပညာမူလတန်းအဆင့် ကလေးငယ်များ၏

 “ပန်းကလေးများပွင့်တော့မည်၊ ဖူးတံဝင့်လိုချီ။

 နေခြည်မှာ ရွှေရည်လောင်း၊ ငါတို့ စာသင်ကျောင်း။”

ဆိုသော စာအံသံများ ကိုဗစ်-၁၉ အန္တရာယ်ကင်းကင်းဖြင့် မြန်ပြည်အနှံ့ ကြည်ကြည်မြမြ ပျံ့လွင့်နိုင်ကြတော့မည်ဖြစ်သည်။

ကလေးငယ်များ ‘လွယ်အိတ် ကိုယ်ဆီလွယ်’ လျှက် ပန်းပေါင်းတရာ ဖူးပွင့်ရာဆီသို့ ပျော်ရွှင်စွာ ‘ကျောင်းတော်ဝင်’နိုင်ကြပါစေသတည်း။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013