DVB Logo
Home
မြန်မာသတင်း
ဇူလိုင်လအတွင်း အထက်တန်းအဆင့်ကျောင်းများ အရင် ဦးစားပေးဖွင့်လှစ်မည်ဟု ဝန်ကြီးပြော
DVB
·
May 27, 2020
ဇူလိုင်လအတွင်း အထက်တန်းအဆင့်ကျောင်းများ အရင် ဦးစားပေးဖွင့်လှစ်မည်ဟု ဝန်ကြီးပြော
Donate to DVB

ဇူလိုင်လအတွင်း အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရာမှာ အထက်တန်းအဆင့်ကို ဦးစားပေးဖွင့်လှစ်သွားမှာဖြစ်ပြီးတွေ့ကြုံရမယ့်  လိုအပ်ချက်၊ အာနည်းချက်တွေကို ပြင်ဆင်ပြီးမှသာ အလယ်တန်းနဲ့ မူလတန်းတွေကို တစ်ဆင့်ချင်းစီ ဆက်လက်ဖွင့်လှစ်ဖို့ စီစဉ်မယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။

အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရေးကိစ္စ မေလ ၂၆ ရက်နေ့က တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးတွေနဲ့  အွန်လိုင်းကနေ Video Conferencing နဲ့  ဆွေးနွေးရာမှာ ဝန်ကြီးက ပြောကြားခဲ့တာလို့ ပညာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

အစည်းအဝေးမှာ ဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ကျောင်းတွင်းစာမေးပွဲတွေ၊  G-5, G-9 စာမေးပွဲ စာစစ်လုပ်ငန်းတွေနဲ့ အောင်စာရင်း ထုတ်ပြန်ရေး လုပ်ငန်းတွေ၊ တက္ကသိုလ် ဝင်စာမေးပွဲ ကုဒ်လုပ်ငန်း၊ စာစစ်လုပ်ငန်း၊ အောင်စာရင်း ထုတ်ပြန်ရေးလုပ်ငန်းတွေကို စနစ်တကျ အလေးထားဆောင်ရွက်ဖို့လည်း ဝန်ကြီးကတိုက်တွန်းပြောပါတယ်။

ကျောင်းပြန်ဖွင့်တဲ့အခါ  ကျောင်းသား အချင်းချင်း၊ ကျောင်းသား၊ဆရာတို့ အနည်းဆုံး (၆)ပေ ကွာခြားဖို့လိုအပ်ကြောင်း၊  အလယ်တန်း၊အထက်တန်းစာသင်ခန်းတွေက တစ်ခန်းကို (၃၀ x ၂၄) ပေရှိလို့ အနည်းဆုံး (၆)ပေကွာခြားနိုင်ဖို့အတွက် အများဆုံး  ၂၀ ဦး အတွက်သာ ခုံစီဖို့လိုအပ်ကြောင်းနဲ့  မူလတန်း စာသင်ခန်းတွေမှာ အနည်းဆုံး (၆)ပေ ကွာခြားနိုင်ရေးကိုသာ ဦးစားပေး ခုံစီဖို့လိုကြောင်း  ဝန်ကြီးက ပြောပါတယ်။

ဆရာ၊ကျောင်းသားအချိုးနဲ့ စာသင်ခန်း ကျောင်းသားအချိုးတို့ကိုအခြေခံပြီး ပုံမှန် ဖွင့်လှစ်နိုင်မယ့်ကျောင်းတွေ၊ တစ်ပတ်ခြား တက်နိုင်မယ့်ကျောင်းတွေ၊  ကျောင်းချိန် နှစ်သုတ်တက်(2 Shifts) ဖွင့်လှစ်နိုင်မယ့်ကျောင်းတွေနဲ့ ဒီလိုဖွင့်ဖို့အခက်အခဲရှိတဲ့ ကျောင်းတွေ စာရင်းပြုစုတင်ပြဖို့ လည်းမှာကြားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးအတွက် ဆရာဆရာမတွေ၊ မိဘတွေနဲ့ ကျောင်းသား/ကျောင်းသူတွေ လိုက်နာရမယ့်အချက်တွေထုတ်ပြန်ဖို့ ကျောင်းသုံး ဖတ်စာအုပ်တွေနဲ့ ဗလာစာအုပ်တွေ ကျောင်းတွေထံ အချိန်မီပုံနှိပ်ဖြန့်ဝေဖို့ လည်းပြောပါတယ်။

အခြေခံပညာကျောင်း ၆၀၂၁ ကျောင်းမှာ ကန့်သတ်စောင့်ကြည့်စခန်းတွေ အဖြစ်အသုံး ပြုထားတာကို ပိုးသတ်ဆေးဖြန်းပြီးပါက ဇွန် ၁၅ ရက်မှာ ပြန်လည်လွှဲပြောင်းလက်ခံဖို၊ ရေ၊ ဆပ်ပြာ၊ လက် ဆေးဂျယ်(Hand Sanitizer Gel)၊ သန့်စင်ခန်း၊ ကိုယ်ပူချိန်တိုင်း ကိရိယာ (Infrared Thermometer)တွေဖြည့်ထားဖို့၊   ဆရာတွေနဲ့ ကျောင်းသားတွေအားလုံးကို ပြန်လည် အသုံးပြုနိုင်တဲ့ အဝတ်နှာခေါင်းစည်း (Mask)နှစ်ခုစီနဲ့  မျက်နှာကာ(Face Shield) တစ်ခုစီ အခမဲ့ဖြန့်ဝေဖို့၊ PPEဝတ်စုံတွေဖြည့်ဆည်းဖို့နဲ့ ကျန်းမာရေးဌာနနှင့်ဆေးခန်း ဖုန်းနံပါတ်တွေ စီစဉ်ထားဖို့လည်း ပြောပါတယ်။

ဒါ့အပြင် ကျောင်းမုန့် ဈေးတန်းတွေ ကျန်းမာရေးနဲ့စည်းကမ်းတွေနဲ့ ကိုက်ညီမှုရှိဖို့၊ ကျောင်းကြို/ ပို့ယာဉ်  နှစ်ယောက်တွဲခုံတွေမှာ ကျောင်းသား၊ ကျောင်းသူ တစ်ယောက်စီသာ စီးနင်းလိုက်ပါ နိုင်ရေး စီစဉ်ဆောင်ရွက်ဖို့နဲ ကျောင်းကြို /ပို့ယာဉ် မလုံလောက်ပါက  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီး ယာဉ်ဌားရမ်း အသုံးပြုရေးဆောင်ရွက်ဖို့လည်း ဝန်ကြီးက မှာကြားပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံပညာကျောင်းတွေကို ပုံမှန်အားဖြင့် ဇွန်လဆန်းမှာ ဖွင့်လှစ်လေ့ရှိ ပေမဲ့ အခုနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါပျံ့နှံ့ကူးစက်ဖြစ်ပွားနေတာကြောင့် ကျောင်းဖွင့်ချိန်တွေကို ရွေ့ဆိုင်းထားတာဖြစ်ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013