DVB Logo
Home
မြန်မာသတင်း
နွဲ့ယဉ်ဝင်းနှင့် သံသာဝင်းတို့ သားအမိ သီဆိုသည့် “မျှော်လင့်မထားတဲ့မနက်ဖြန်” သီချင်း (ရုပ်သံ)
DVB
·
May 24, 2020
နွဲ့ယဉ်ဝင်းနှင့် သံသာဝင်းတို့ သားအမိ သီဆိုသည့် “မျှော်လင့်မထားတဲ့မနက်ဖြန်” သီချင်း (ရုပ်သံ)
Donate to DVB

ဝါရင့်အဆိုတော် နွဲ့ယဉ်ဝင်းနဲ့ သံသာဝင်းတို့ သားအမိ ၂ ယောက် အတွဲညီညီ သီဆိုထားကြတဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။

“မျှော်လင့်မထားတဲ့မနက်ဖြန်” လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ သံသာဝင်းက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး စန္ဒရားသိမ်းထိုက်အောင်ရဲ့ တီးခတ်မှုနဲ့ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

“မသေချာတဲ့ မနက်ဖြန်… ဘာတွေ ဖြစ်မှာလဲ… ဒီကမ္ဘာမြေထက် လွင့်ပျံ… တို့ အားလုံးရဲ့ ဆုတောင်းသံ… ပျော်ရွှင်ခြင်းရဲ့ အဓိပ္ပာယ်… ငိုကြွေးရတော့မှ သိမယ်… နီးနီးလေးမှာ ရှိတုန်း… ဝေးလို့မသွားခင် နားလည်”

အန်တီဂျွိုက်စ်လို့ ပရိသတ်တွေက ချစ်စနိုးခေါ်ဝေါ်ကြ၊ သိထားကြတဲ့ အဆိုတော် နွဲ့ယဉ်ဝင်းဟာ လက်ရှိအချိန်မှာတော့ အသက် ၇၅ နှစ်အရွယ် ရှိနေပြီဖြစ်ပေမယ့် တက်ကြွစွာပဲ မျိုးဆက်သစ်တွေနဲ့အပြိုင် သီဆိုနေနိုင်ဆဲဖြစ်တာကို ရှုစားကြရမှာပါ။

၁၉၇၀ ပြည့်လွန်နှစ်တွေ တက္ကသိုလ်ကျောင်းသူဘဝ၊ အင်္ဂလိပ်စာကထိကတယောက် ဘဝကတည်းက အမေရိကန် ကန်းထရီးသီချင်းတွေ၊ ပေါ့ပ်သီချင်းတွေ အတော်များများကို မြန်မာဘာသာနဲ့ ကာဗာသီချင်းတွေအဖြစ် သီဆိုအောင်မြင်ခဲ့တဲ့ နွဲ့ယဉ်ဝင်းကို ခေတ်သစ်မြန်မာပေါ့ပ်ဂီတလောကရဲ့  ဦးဆောင်သူတဦးအနေနဲ့လည်း သိကြပါတယ်။

ရွက်ပုန်းသီး ဂီတမျိုးဆက်သစ်တွေကို ပျိုးထောင်ပေးရာ The Best of Melody World သီချင်းဆိုပြိုင်ပွဲမှာလည်း ဒိုင်တဦးအနေနဲ့ ပါဝင်ရင်း အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

သိပ်မကြာခင်ကလည်း သားသား၊ ထက်ယံ အနုပညာမျိုးဆက်သစ်တွေနဲ့ “မောင့် အချစ်ဦး” သီချင်းမှာ ပါဝင်သီဆိုခဲ့ပြီး အဲဒီသီချင်းဟာလည်း အောင်မြင်တဲ့ သီချင်းတပုဒ် ဖြစ်ခဲ့ပါတယ်။

သမီးဖြစ်တဲ့ သံသာဝင်းကတော့ ‘ကြားစကား’ အမည်နဲ့ မိခင်ဖြစ်သူရဲ့ အောင်မြင် ကျော်ကြားခဲ့တဲ့ သီချင်းတွေကို သီဆိုခဲ့ရာမှတဆင့် ဂီတအနုပညာလမ်းကြောင်းပေါ် ရောက်ရှိလာခဲ့သူပါ။

“မီးမီးလေးရဲ့ မေမေ့ကျောင်း”၊ “ရှင်ဘုရင်လေး” စတဲ့ သီချင်းတွေကတော့ သားအမိ ၂ ယောက် အတူသီဆိုပြီး ပရိသတ်တွေ ချစ်ခင်အားပေးမှုတွေ ရရှိထားတဲ့ ထင်ရှားတဲ့ သီချင်းတွေ ဖြစ်ပါတယ်။

“ကြိုတင်ကာလေ မှန်းဆ… မမြင်သာနိုင်ဘူး လူ့ဘဝ… ကြုံဆုံလာရာ တို့ခဏ… အချစ်တွေသာ ချန်ခဲ့ပါ… ဒီကမ္ဘာမြေရဲ့ ကျေးဇူး… ဘယ်လိုဆပ်မလဲ… အတွေးတခု… ပြန်လည်ကာလေ ပြုစု… ဖျားနေတဲ့ ကမ္ဘာကြီးအခု… အရင်လို ရှင်သန်မယ်… အားတင်းထား… ခဏလေးပဲ”

ခုသီချင်းထဲမှာတော့ လတ်တလော ကပ်ကာလအခြေအနေတွေကို ထင်ဟပ်ရေးဖွဲ့ထားခဲ့တာဖြစ်ပြီး အပေးအယူမျှမျှ လှပတဲ့ သံစဉ်စာသားတွေနဲ့ သီဆိုမှုကို ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။

Tay Than Thar Music ကနေ ဖြန့်ချိပေးထားတဲ့ ဒီသီချင်းရုပ်သံဟာ လတ်တ လောမှာတော့ ပရိသတ်တွေကြား ရေပန်းစားနေပါတယ်။

“ရုတ်တရက် မှင်သက်… ကမ္ဘာမြေကြီး ငြိမ်သက်… မျှော်လင့်မထားတဲ့ နေ့တွေ… ကွယ်ပျောက်ခဲ့ရတဲ့ ဘဝတွေ… မနားတမ်း ပေးဆပ်သူများ… ကယ်တင်ခဲ့ အသက်များစွာ… မောပန်းလွန်းနေပြီလား… အားမလျှော့လိုက်ပါနဲ့ကွာ”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013