DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းတွင် အမည်မသိလက်နက်ကိုင်အဖွဲ့ ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ
DVB
·
May 24, 2020
ဟုမ္မလင်းတွင် အမည်မသိလက်နက်ကိုင်အဖွဲ့ ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ မန်လီကျေးရွာအနီးမှာ မေ ၂၃ ရက်နေ့ မနက်ပိုင်း တခြားရွာကို အလုပ်လုပ်သွားတဲ့ သားအဖနှစ်ဦး အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သားဖြစ်သူမှာ နေရာတင် သေဆုံးသွားပြီး ဖခင်ဖြစ်သူ ဒဏ်ရာ ရရှိခဲ့ပါတယ်။ 

အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ အမည်မသိ လူ ၅ ဦးရဲ့ ပစ်ခတ်မှုကြောင့် မန်လီကျေးရွာသား အသက် ၄၀ အရွယ် ဦးထန်ခင်းမာန်မှာ ဝဲဖက်လက်မောင်း သေနတ်ဒဏ်ရာတစ်ချက်ရရှိခဲ့သလို သားဖြစ်သူ အသက် ၁၇ နှစ်အရွယ် ထောင်းရာဂင်မှာ ကျောဘက် ဖောက်ဝင်ဒဏ်ရာ၊ ဘယ်ဘက်ဘေးဖောက်ဝင်ဒဏ်ရာတွေ ရရှိခဲ့ပြီး နေရာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကူကီးစာပေနှင့် ယဉ်ကျေးမှုကော်မတီ(ဗဟို)ဥက္ကဋ္ဌ ဦးဆေးပူက “သူတို့က အောင်ချမ်းသာရွာမှာ လက်သမားလုပ်တာ။ အဲဒီကို သွားရင်းနဲ့ ဖြစ်တာ။ ဆိုင်ကယ်စီးနေတုန်း အရပ်ဝတ် ၅ ယောက်က ရပ်ပါဆိုပြီးတော့ ပြောတာပေါ့။ ဟိုက အရှိန်လျှော့တုန်း ရှိသေးတယ်။ ရပ်တာကို မစောင့်ဘဲ ပစ်လိုက်တာပေါ့။ ဘယ်အဖွဲ့အစည်းရယ်လို့ လက်ဆုပ်လက်ကိုင်မပြနိုင်တော့ တပ်အပ်မပြောနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီလိုလုပ်တာတော့ မကောင်းဘူး။ အဓိကတော့ တိုင်းရင်းသားအရေးဆိုတာထက် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ပျက်စီးစေတယ်။ နောက်ဆုံး သွားလာရင်တောင် လုံခြုံမှု မရှိဘူး။ ဒီလိုလုပ်တာ မင်းမဲ့စရိုက်ဆန်တယ်။ တကယ်လို့ လူတယောက်က အပြစ်ရှိတယ်ဆိုဦးတောင်မှ သတိပေးခံရမှုတော့ ရှိသင့်တယ်။ အခုက ဘုမသိ ဘမသိ အပြစ်ရှိလား မရှိလားလည်း မသိ။ မေးလည်း မမေး။ တခါတည်း ပစ်သတ်တာဆိုတော့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် စိုးရိမ်မိတယ်” လို့ ပြောပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေအနေနဲ့ အမှုမှန်ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူပေးဖို့နဲ့ အခင်းဖြစ်ပွားတဲ့နေရာဟာ ရှမ်းနီလက်နက်ကိုင်အဖွဲ့ အခြေစိုက်တဲ့ဒေသ ဖြစ်တာကြောင့် ကိုယ့်လူ ဟုတ်၊ မဟုတ် စိစစ်ပြီး ထိရောက်တဲ့ အရေးယူမှုတွေ လုပ်စေချင်တယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံလွှတ်တော်ကိုယ်စားလှယ်နဲ့ ရဲတပ်ဖွဲ့ကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။ 

လက်ရှိမှာ ဒဏ်ရာရသူနဲ့ သေဆုံးအလောင်းကို ထမံသီရဲတပ်ဖွဲ့က စစ်ဆေးပြီး ဟုမ္မလင်းဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ 

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသတွင်း နှစ်ပေါင်းများစွာ အေးအတူပူအမျှ ယှဉ်တွဲနေထိုင်လာကြတဲ့ တိုင်းရင်းသားအချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ငြိမ်းချမ်းမှုကိုလည်း ထိခိုက်စေတဲ့အတွက် တရားဥပဒေအရ မျှတမှုရှိစေရေး တပ်မတော်နဲ့ ဒေသအစိုးရအနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ ကူကီးလူငယ်ကွန်ရက်၊ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး၊ ကူကီးစာပေနှင့် ယဉ်ကျေးမှုကော်မတီ(ဗဟို)တို့က ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013