DVB Logo
Home
မြန်မာသတင်း
One Love Asia ရန်ပုံငွေဂီတဖျော်ဖြေပွဲ အာရှအနုပညာရှင်များနှင့်အတူ ဖြူဖြူကျော်သိန်း ပါဝင်မည်
DVB
·
May 23, 2020
One Love Asia ရန်ပုံငွေဂီတဖျော်ဖြေပွဲ အာရှအနုပညာရှင်များနှင့်အတူ ဖြူဖြူကျော်သိန်း ပါဝင်မည်
Donate to DVB

အာရှဒေသတွင်းနိုင်ငံတွေက အနုပညာရှင်တွေ ပါဝင်ဖျော်ဖြေကြမယ့် One Love Asia ရန်ပုံငွေဂီတဖျော်ဖြေပွဲမှာ မြန်မာနိုင်ငံမှ အနုပညာရှင် ဖြူဖြူကျော်သိန်း ပါဝင်ဖျော်ဖြေသွားဖို့ ရှိနေပါတယ်။

လာမယ့် မေ ၂၇ ရက်နေ့ ကျင်းပမယ့် ဒီဖျော်ဖြေပွဲကို WebTVAsia နဲ့ YouTube တို့က စီစဉ်တင်ဆက်ပြီး ဖျော်ဖြေပွဲက ရသမျှအလှူငွေတွေ အားလုံးကို အာရှတိုက်နိုင်ငံတွေအတွက် UNICEF ရဲ့ COVID-19 တိုက်ဖျက်ကုသကာကွယ်ရေးလုပ်ငန်းတွေမှာ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ဒီဖျော်ဖြေပွဲမှာ ပါဝင်ဖို့ ဖိတ်ကြားခံခဲ့ရတဲ့အတွက် ဝမ်းသာဂုဏ်ယူရကြောင်း ဖြူဖြူကျော်သိန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှတဆင့် ပရိသတ်တွေအတွက် မျှဝေရေးသားထားခဲ့တာပါ။

“ခုလာမယ့် မေလ ၂၇ ရက် ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် ညနေ ၆:၃၀ မှာကျင်းပမယ့် #OneLoveAsia Online Concert မှာ အခြားအာဆီယံနိုင်ငံတွေက နာမည်ကျော် အနုပညာ ရှင်တွေနဲ့အတူ ပါဝင်ဖျော်ဖြေဖို့ အသိအမှတ်ပြု ဖိတ်ကြားခံရတဲ့အတွက် ဖြူဖြူ အရမ်းပဲ ဝမ်းသာဂုဏ်ယူပါတယ်ရှင့်”

အသက် ၃၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဖြူဖြူကျော်သိန်းဟာ ဆရာဝန်တယောက်လည်း ဖြစ်ပြီး ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ “လုံးဝမသက်ဆိုင်တော့ပါ” တကိုယ်တော် တေးအယ်လ်ဘမ်နဲ့ ဂီတလောကထဲကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ သူမတူတဲ့ အမိုက်စား သရုပ်ဖော်တင်ဆက်မှုတွေဟာ ပရိသတ်တွေကြား ထင်ရှားလာခဲ့ပြီး ဆယ်စုနှစ်ချီ အောင်မြင်ခဲ့သူ အဆိုတော်တယောက် ဖြစ်လာခဲ့တာပါ။

သူ သီဆိုထားတဲ့ လမ်းခွဲ၊ ချယ်ရီလမ်း၊ အရှုံးထက်ပိုသော၊ လှည့်စားလိုက် စတဲ့သီချင်းတွေဟာ ထင်ရှားသလို တခြားအဆိုတော်တွေနဲ့ တွဲဖက်သီဆိုမှုတွေဖြစ်တဲ့ အတွင်းကြေ၊ ငါ ဘုရင်မ စတဲ့ သီချင်းတွေနဲ့လည်း အောင်မြင်မှုတွေ ရရှိခဲ့သူပါ။

လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာလည်း ဒိုင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။

ခုတခါ သူပါဝင်မယ့် One Love Asia ဂီတဖျော်ဖြေပွဲမှာတော့ ဖြူဖြူကျော်သိန်းက Friend Zone ရုပ်ရှင်ကားထဲက ဇာတ်ဝင်သီချင်း KidMud ကို တခြားအာဆီယမ်နိုင်ငံတွေက အဆိုတော်တွေနဲ့အတူ မိခင်ဘာသာမြန်မာဘာသာစကားနဲ့ သီဆိုရမယ်လို့ ဆိုပါတယ်။

သူငယ်ချင်း ချစ်သူတွေကြားက ချစ်စရာကောင်းတဲ့ ပျော်ရွှင်ကြည်နူးစရာ ဇာတ်ဝင်ခန်းတွေနဲ့ ရိုက်ကူးခဲ့တဲ့ အဲဒီရုပ်ရှင်ကားထဲက ဇာတ်ဝင်သီချင်းကိုတော့ မြန်မာနိုင်ငံမှ အဆိုတော် ဖြူဖြူကျော်သိန်း အပါအဝင် တခြားနိုင်ငံတွေဖြစ်ကြတဲ့ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံတွေက အဆိုတော်တွေ သီဆိုထားကြတာ ဖြစ်ပါတယ်။

“၄ နာရီစာမှာ ၃ မိနစ်ပဲကြာတဲ့ သီချင်းရဲ့ ၁၅ စက္ကန့်စာကိုသာ ဖျော်ဖြေရမှာ ဖြစ်ပေမယ့် ဒီ ၁၅ စက္ကန့်ဟာ ဖြူဖြူ့အတွက်တော့ သိပ်ကြီးမားတဲ့ သမိုင်းမှတ်တိုင်တခုလို့ ခံစားရပါတယ်။ အာရှတိုက်မှာ ကိုယ့်ထက်ဝါအရရော၊ နာမည်အရရော ပိုကျော်ကြား အောင်မြင်နေကြတဲ့ အာဆီယံနိုင်ငံတွေက ကြယ်ပွင့်တွေကြားမှာ Phyu Phyu Kyaw Thein ဆိုပြီး Myanmar ပြည်က နာမည်လေးတစ်လုံးကို (ကိုယ့်ဘက်က စတင်တောင်းဆိုညှိနှိုင်းမှုတွေမပါဘဲ) စတင်ရေးထိုးခံရဖို့ ဆိုတာ...ဒီ ၁၅ စက္ကန့်ဟာ... ဖြူဖြူ့ကို အားပေး ချစ်ခင်ဝန်းရံနေကြတဲ့ နေရာစုံအလွှာစုံက အရွယ်သုံးပါးသော ချစ်ပရိသတ်တွေအတွက်လည်း ကျေနပ်ဂုဏ်ယူပီတိဖြစ်စရာ အချိန်အခိုက်အတန့်လေး ဖြစ်မယ်ထင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013