DVB Logo
Home
မြန်မာသတင်း
မိုးညှင်းမြို့က ရုံးခမောက်လုပ်ငန်းလုပ်သူများ အစိုးရချေးငွေရရန် မျှော်လင့်
DVB
·
May 22, 2020
မိုးညှင်းမြို့က ရုံးခမောက်လုပ်ငန်းလုပ်သူများ အစိုးရချေးငွေရရန် မျှော်လင့်
1 / 5
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်ရှိ ရိုးရာအိမ်တွင်းလက်မှု အသေးစားလုပ်ငန်း လုပ်ကိုင်တွေဟာ အစိုးရဆီကနေ ချေးငွေ လိုအပ်နေတယ်လို့ ရုံးခမောက် လုပ်ငန်းရှင်က ပြောပါတယ်။

ရုံးခမောက် လုပ်ငန်းရှင် ဒေါ်အေးအေးသိန်းက “ကျမတို့က တနှစ်ကို အရင်း ၃ ရင်းလိုတယ်။ ရပ်ကွက်ထဲမှာ ခမောက်ချုပ်တဲ့သူတွေကို ငွေကြိုပေးရတယ်။ ၁ ရင်းထုတ်ရတယ်။ ကိုယ့်အထက်က ကုန်သည်တွေကိုလည်း ၁ ရင်း ပေးထားရတယ်။ သူများမှာရင် အဆင်သင့်ရအောင် ကိုယ့်အထဲမှာလည်း ၁ ရင်းထားရတယ်။ အစိုးရရဲ့ ရင်းနှီးငွေရရင်တော့ ကျမတို့လုပ်ငန်းက ပိုပြီးအဆင်ပြေမှာပါ” လို့ ပြောပါတယ်။

အရှေ့စုရပ်ကွက်မှာ ရုံးခမောက်ဒီဇိုင်းကို အမျိုးသမီးဆောင်း အကြီး အသေး အလတ်၊ ယောကျ်ားလေးဆောင်း ခမောက်လုံး အလတ် အသေးနဲ့ မှိုပွင့်ပုံဆိုပြီး ၆ မျိုး ထုတ်လုပ်ထားပါတယ်။ 

အမျိုးသမီးဆောင်းကို တန်ဖိုး ၉၀၀၊ ၈၀၀၊ ၅၀၀ ကျပ်ရှိပြီး အမျိုးသားဆောင်းစျေးမှာ ၆၀၀၊ ၅၀၀ ကျပ်စျေးနဲ့ မှိုခမောက်ကတော့ ၅၀၀ ကျပ်စျေးရှိတယ်လို့ သိရပါတယ်။

ရုံးခမောက် ချုပ်သူ မဝင်းဝင်းကြူက “တယောက်တည်းချုပ်ရင် တနေ့ ၁၀ ချပ်ပြီးတယ်။ အရင်းနုတ်ရင် အမြတ်က တချပ်မှ ၂၀၀ ပဲကျန်တယ်။ ၁၀ ချုပ်ရင် တနေ့ လုပ်အားခ ၂၀၀၀ ရပါတယ်” လို့ ပြောပါတယ်။

မိုးညှင်းမြို့မှာ အိမ်တွင်းလက်မှု ခမောက် နှစ်မျိုးထုတ်လုပ်ပါတယ်။ ရန်ကင်းရပ်ကွက်က ဝါးဖတ်ခမောက်ကို ရက်လုပ်ပြီး အရှေ့စုရပ်ကွက်က ရုံးခမောက်ကို အများဆုံးချုပ်လုပ်ပါတယ်။ 

ရုံးခမောက်ကို ပူတာအို၊ မြစ်ကြီးနား၊ နမ္မတီး၊ မိုးကောင်း၊ တနိုင်းက အများဆုံးဝယ်ပြီး ကချင်ပြည်နယ်အနှံ့ သုံးကြပါတယ်။ 

မြန်မာပြည်အလယ်ပိုင်း ကောလင်း၊ ဗန်းမောက်နဲ့ ရှမ်းပြည်မြောက်ပိုင်း သီပေါ၊ လားရှိုး၊ မန္တလေး တို့ကိုတော့ တနှစ် နှစ်ကြိမ် အနည်းဆုံးပို့ရကြောင်း သိရပါတယ်။

ရုံးခမောက်ကို တန်ခူး၊ ကဆုန်၊ နယုန်၊ ဝါဆိုလတွေဟာ ရောင်းအကောင်းဆုံး လတွေလို့ သိရပါတယ်။ သီတင်းကျွတ်ပြီးမှ ရက်လုပ်တဲ့ ဝါးတွေဟာ ပိုးလွတ်တဲ့အတွက် နှစ်ရှည် အထားခံတယ်လို့ ဆိုပါတယ်။

အရှေ့စုရပ်ကွက်မှာ ရုံးခမောက် ချုပ်လုပ်သူ ၈၀၀ ကျော်ရှိပြီး တနှစ်ကို ရုံးခမောက် အချပ်ရေ သိန်း ၂၀ မှ ၂၅ သိန်း ထွက်ရှိတယ်လို့ သိရပါတယ်။

သတင်း - ခင်သန်းညွန့်  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013