
မကွေးပညာရေးကောလိပ်မှာ Facility Quarantine ပြုလုပ်ထားတဲ့ မလေးရှားပြန် ၂၃ ဦးကို မေလ ၁၉ ရက်နေ့က ဒုတိယအကြိမ် ဓာတ်ခွဲနမူနာ ပေးပို့ထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက "လူနာအမှတ် ၁၈၉ နဲ့အတူ မလေးရှားက ပြန်လာတဲ့ ၂၃ ဦးအပြင် Quarantine စင်တာမှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်း ၅၁ ဦးရဲ့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ ရယူပြီး ဓာတ်ခွဲနမူနာပေးပို့ထားပါတယ်။ လူနာနဲ့ ထိတွေမှုမရှိပေမယ့် သေချာအောင်လို့ ဓာတ်ခွဲစစ်ဆေးပေးတာပါ။"လို့ ဒီဗွီဘီကို ပြောပါတယ်။
လူနာအမှတ် ၁၈၉ တွေ့ပြီးနောက် ပညာရေးကောလိပ် Quarantine စင်တာမှာ တာဝန်ကျတဲ့ ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်း တွေကိုပါ Facility Quarantine ၂၁ ရက် ပြုလုပ်ထားပြီး Quarantine ဝင်ရင်း တာဝန်ထမ်းဆောင်တဲ့အကြောင်းနဲ့ လူနာအမှတ် ၁၈၉ ကိုတော့ မကွေးတိုင်းသင်ကြားရေး ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ သီးခြားထားရှိပြီး ကုသပေးနေတယ်လို့လည်း ပြောပါတယ်။
လူနာအမှတ် ၁၈၂နဲ့ လေယာဉ် အတူစီးလာတဲ့ မလေးရှားပြန် ၂၄ ဦးနဲ့ ထိုင်းပြန် ၈ ဦးတို့ကို မေလ ၁၇ ရက်က ဓာခွဲနမူနာပေးပိုခဲ့ရာ တောင်တွင်းကြီးမြို့နယ်ထဲက မလေးရှားပြန်တစ်ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
သတင်း-မင်းထီး










