DVB Logo
Home
မြန်မာသတင်း
နိုင်လွတ်လုံဥပဒေကြောင့် မူးယစ်တရားခံများဖော်ထုတ်ရာတွင် အားနည်းချက်ရှိနေဟု ပြည်ထဲရေးဒုဝန်ကြီး ပြော
DVB
·
May 19, 2020
နိုင်လွတ်လုံဥပဒေကြောင့် မူးယစ်တရားခံများဖော်ထုတ်ရာတွင် အားနည်းချက်ရှိနေဟု ပြည်ထဲရေးဒုဝန်ကြီး ပြော
Donate to DVB

မူးယစ်ဆေးဝါးအမှုတွေနဲ့ ပတ်သက်တဲ့ ကွင်းဆက်တရားခံတွေဖော်ထုတ်ရာမှာ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို လိုက်နာရသလို တရားခံများအပေါ် လူ့အခွင့်အရေးကို အလေးထားဆောင်ရွက်ခြင်းကြောင့် အားနည်းချက်များရှိနေတာ ဖြစ်တယ်လို့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်စိုးတင့်လှိုင်က ပြောပါတယ်။

မေလ ၁၉ ရက်က ပြုလုပ်တဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၇ က ဦးဇော်ဟိန်းက မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိရာမှာ ကွင်းဆက်တရားခံတွေ ဖော်ထုတ်ဖမ်းဆီးမှုအခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာပါ။ 

ဒါကို ပြည်ထဲရေး ဒုဝန်ကြီးက မူးယစ်ဆေးဝါးကွင်းဆက်တရားခံတွေ ဖော်ထုတ်ရာမှာ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်ဒဏ်များမှာ ထောင်ဒဏ် ၅ နှစ်ကနေ သေဒဏ် အထိ ဖြစ်နေတဲ့အတွက် မူးယစ်ဆေးဝါးရောင်းချသူတွေဟာ ကွင်းဆက်ဖြတ်စနစ်နဲ့ ဆောင်ရွက်နေသလို နိုင်လွတ်လုံဥပဒေကို လိုက်နာနေရတဲ့အတွက်လည်း အချိန်ကြန့်ကြာမှုတွေရှိတတ်တယ်လို့  လွှတ်တော်မှာ ဖြေရှင်းသွားပါတယ်။

"မြန်မာနိုင်ငံရဲတပ်ဖွဲ့က မူးယစ်မှုများ စစ်ကြောဖော်ထုတ်ရာ၌ မူးယစ်ကွင်းဆက်တရားခံများရဲ့ တယ်လီဖုန်းများမှ အခြေခံ၍ဆက်လက်စုံစမ်းဖော်ထုတ်ရာမှာ နိုင်ငံသားများရဲ့ လူပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေကို လိုက်နာရပါသဖြင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၂၅ နှင့် အညီ သက်ဆိုင်ရာ တယ်လီဖုန်းအော်ပရေတာများမှ တဆင့် ထုတ်ယူရာ၌ အချိန်ကြန့်ကြာမှုများရှိတတ်ပါ တယ်။ မူးယစ်ဆေးဝါး‌ရောင်းဝယ်မှုများတွင် ငွေပေးချေမှုအပိုင်း၌ အွန်လိုင်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနဲ့ တရားမဝင် ငွေလွှဲလုပ်ငန်းများဖြင့် ပေးချေဆောင်ရွက်ကြခြင်း၊ ဘဏ်များမှငွေကြေးလွှဲပြောင်းမှုများကို စိစစ်ရာတွင်လည်း ငွေကြေးလွှဲပြောင်းမှုမှတ်တမ်းများ ထုတ်ယူရရှိရေးအတွက် အချိန်ယူဆောင်ရွက်ရခြင်းနဲ့ တရားခံများကို လူ့အခွင့်အရေးကို အလေးထား၍ စစ်ကြောဖော်ထုတ်ရခြင်းတို့ကြောင့် ကွင်းဆက်တရားခံဖော်ထုတ်ရာတွင် အားနည်းရခြင်းဖြစ်ပါတယ်။ " လို့ ပြည်ထဲရေး ဒုဝန်ကြီး က ပြောပါတယ်။

ဒါ့အပြင် ကွင်းဆက်တရားခံများ ဖမ်းဆီးရမိ ရေးကို အလေးထားဆောင်ရွက်နေရတဲ့အတွက် သတင်းထုတ်ပြန်မှုအပိုင်းမှာလည်း အားနည်းရတာဖြစ်တယ်လို့ ဆိုပါတယ်။

ကွင်းဆက်တရားခံဖမ်းဆီးရာမှာ တာဝန်ပျက်ကွက်ခဲ့တဲ့ အရာရှိတွေနဲ့ ပတ်သက်ပြီး ဒုဝန်ကြီးက "မူးယစ်ကျူးလွန်မှု ကွင်းဆက်တရားခံများကို ရည်ရွယ်ချက်ရှိရှိ အရေးမယူဘဲ ထိန်ချန်သော စုံစမ်းစစ်ဆေးပြုလုပ်ပိုင်ခွင့်ရှိသော တာဝန်ရှိသူပုဂ္ဂိုလ်များအား ထိရောက်စွာ အရေးယူပေးရန်နဲ့ ပတ်သက်၍ ထိုသို့ပြုလုပ်သူများကို အရေးယူရာတွင် ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၈ အရ လည်းကောင်း၊အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများအရလည်းကောင်း၊အခြားတည်ဆဲ ဥပဒေများအရလည်းကောင်း၊ အရေးယူ ဆောင်ရွက်နိုင်တဲ့အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရလည်း အရေးယူ ဆောင်ရွက်နိုင်ပါတယ်။" လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့အထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုပေါင်း ၁၇၉၇၉ မှုနဲ့ တရားခံ ၂၅၄၉၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးဒုဝန်ကြီးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013