DVB Logo
Home
မြန်မာသတင်း
မီတာဖတ်စာရေးများ မီတာဖတ်ရာတွင် တိကျမှန်ကန်စေရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး တိုက်တွန်း 
DVB
·
May 18, 2020
မီတာဖတ်စာရေးများ မီတာဖတ်ရာတွင် တိကျမှန်ကန်စေရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး တိုက်တွန်း 
Donate to DVB

မီတာဖတ်စာရေးတွေအနေနဲ့ မီတာဖတ်ရာမှာ တိကျမှန်ကန်စနစ်ကျစေဖို့၊ လျှပ်စစ်မီး သုံးစွဲသူတွေရဲ့ အခက်အခဲတွေတိုင်ကြားနိုင်မယ့် ဖုန်းနံပါတ်တွေကို လူသွားလူလာများတဲ့ နေရာတွေမှာ ချိတ်ဆွဲဖို့နဲ့ မီတာဖတ်ဖို့ ခက်ခဲတဲ့နေရာတွေမှာပြည်သူတွေနဲ့ ပူးပေါင်းဖို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးက တိုက်တွန်း ပြောပါတယ်။

မေလ ၁၇ ရက်က ပြုလုပ်တဲ့  ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် လျှပ်စစ်ကဏ္ဍနဲ့ပတ်သက်တဲ့ ဒုတိယသုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောခဲ့တာဖြစ်ပါတယ်။

ဓာတ်အားခကျသင့်ငွေတွေ ပေးဆောင်ရာမှာ လူစုလူဝေးဖြစ်တာကို အထိုက်အလျောက် လျော့နည်းစေဖို့ မတ်လအတွက် ကျသင့်မီတာခတွေကို ရက်လွန်ကြေး၊ ဒဏ်ကြေးတွေ မပေးဆောင်စေဘဲ မေလ ရက် ၂၀ အထိ ပေးဆောင်နိုင်ဖို့ ဖြေလျှော့ပေးခဲ့သလို လာရောက် ပေးသွင်းရာမှာ အခက်အခဲဖြစ်တာလျော့နည်းစေဖို့အတွက် ရပ်ကွက်တွေထဲမှာ ကောက်ပေးတာ ကိုလည်း လုပ်စေလိုတယ်လို့ ပြောပါတယ်။

မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတွေမှာ သုံးစွဲသူတွေက အခက်အခဲတွေကို ဆက်သွယ် တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေကို ဗီနိုင်းတွေနဲ့ ချိတ်ဆွဲထားပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း Call Center 1717 နဲ့ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း Call Center 1616 တို့နဲ့ ဖြေရှင်းပေးနေပေမယ့် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ဖို့ အများပြည်သူ ဖြတ်သန်းသွားလာနိုင်တဲ့ ကားဂိတ်၊ ဘူတာရုံ၊ သင်္ဘောဆိပ်၊ ဈေးနဲ့ လမ်းဆုံလမ်းခွနေရာတွေမှာ ထပ်မံချိတ်ဆွဲဖို့လည်း ဝန်ကြီးက ပြောပါတယ်။

လျှပ်စစ်ဝန်ကြီးဌာနဟာ ပြည်သူကို ဝန်ဆောင်မှုပေးနေရတဲ့ဌာနဖြစ်သလို ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး ၂၄ နာရီ အချိန်ပြည့် ဝန်ဆောင်ပေးနေရတဲ့အတွက် ဝန်ဆောင်မှု အပိုင်းမှာ သိသိသာသာ တိုးတက်ကောင်းမွန်လာအောင် ရည်မှန်းချက်ထား ဆောင်ရွက်ဖို့ လည်း ဝန်ကြီးက တိုက်တွန်းပြောတယ်။

အခု ဘဏ္ဍာရေးနှစ်ဟာ အရင်နှစ်တွေနဲ့တူဘဲ လျှပ်စစ်လုပ်ငန်းပိုင်းဆောင်ရွက်နိုင်ဖို့ အဓိကထားသတ်မှတ်ထားတဲ့ ဘဏ္ဍာရေးနှစ်ဖြစ်ပြီး လျှပ်စစ်ကဏ္ဍတဆင့်မြင့် တိုးတက်ဖွံ့ဖြိုးလာစေဖို့ အရေးကြီးတဲ့နှစ်ဖြစ်တယ်လို့ ပြောပါတယ်။

ဓာတ်အား ထုတ်လုပ်မှုအပိုင်းမှာ အခု နွေရာသီကာလအတွက် မဂ္ဂါဝပ် ၁၁၆၆ တိုးတက် ထုတ်လုပ်နိုင်ရေး ရည်မှန်းဆောင်ရွက်ခဲ့ပြီး မကွေး ၆၆ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းပြီးစီးလို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာမှာ နိုင်ငံတော်ဓာတ်အားစနစ်ကို ချိတ်ဆက်ပြီး ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ကျန်တဲ့ စီမံကိန်းတွေထဲကလည်း အလုံ ၁၅၁ ဒသမ ၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းက ၁၀၀ မဂ္ဂါဝပ်နဲ့ ကျွန်းချောင်း ၂၀ ဒသမ ၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ စီမံကိန်းကနေ ၁၅ မဂ္ဂါဝပ်တို့ကို စတင်ထုတ်လုပ်နေပြီး ကျန်တဲ့ ဓာတ်အားထုတ်လုပ်တာကိုလည်း အဆင့်လိုက်ထုတ်လုပ်သွားနိုင်ရေး ဆောင်ရွက်နေသလို မကြာခင် LNG to Power သာကေတ ၄၀၀ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံစီမံကိန်းကလည်း လျှပ်စစ်ဓာတ်အားတွေ ထုတ်လုပ်ဖြန့်ဖြူးပေး နိုင်တော့မယ်လို့ ဆိုပါတယ်။

COVID-19 ကပ်ဘေးကာလမှာ ဓာတ်အားသုံးသူတွေ အထိုက်အလျောက်သက်သာစေဖို့ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲတာကို ယူနစ် ၁၅၀ အထိ အခမဲ့ပေးခဲ့ပြီး မေလအတွက်ကိုလည်း မေ ၁၅ ရက်အထိ အိမ်သုံးအမျိုးအစားတွေအတွက် ၇၅ ယူနစ်အထိ အခမဲ့ ထပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ-MOEE

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013