DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးခံထားရသူ ၆ ဦးကို စွဲချက်မတင်မီ ပြန်လွှတ်
DVB
·
May 16, 2020
အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးခံထားရသူ ၆ ဦးကို စွဲချက်မတင်မီ ပြန်လွှတ်
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းဖြစ်စဉ်နဲ့ပတ်သက်လို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးအမှုဖွင့်ခံထားရတဲ့ ရခိုင်လူငယ် ၆ ဦးကို မေ ၁၅ ရက်နေ့က စစ်တွေခရိုင် တရားရုံးကနေ စွဲချက်မတင်မီ ပြန်လွှတ်ပေးလိုက်ပါတယ်။

စစ်တွေခရိုင်တရားရုံးက လွှတ်ပေးလိုက်တဲ့သူတွေကတော့ ကိုမောင်မောင်လှိုင်၊ ကိုညီညီထွေး၊ ကိုထွန်းမြတ်နိုင်၊ ကိုဦးမြင့်ထွန်း၊ ကိုစိုးဝင်းကျော်နဲ့ ကိုမောင်ငြိမ်းရွှေတို့ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လအတွင်းက ဖမ်းဆီးခံခဲ့ရတဲ့ ကျောက်တန်းကျေးရွာသား ၈ ဦးကို ရက္ခိုင့်တပ်တော်အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး တပ်မတော်က တရားလိုပြုလုပ်ကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)၊ ၅၂ (က) တို့နဲ့ တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

အမှုကို လိုက်ပါဆောင်ရွက်နေပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးစောလှိုင်က “သူတို့ စွပ်စွဲထားတဲ့ ပြစ်မှုနဲ့ စွဲချက်တင်နိုင်လောက်တဲ့ ငြိစွန်းချက်တွေ မရှိဘူး။ အဲ့ဒါကြောင့် စွဲချက်မတင်မိ တရားရှင်လွှတ်လိုက်တာ ဖြစ်တယ်” လို့ ပြောပါတယ်။

ကျောက်တန်းအမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ဖမ်းဆီးတရားစွဲဆိုထားသူ ၈ ယောက်ရှိပြီး အဲ့ဒီ ၈ ယောက်ထဲမှာ ၆ ယောက်ကို စွဲချက်မတင်မီပြန်လွှတ်ပေးလိုက်ကာ ကျန် ၂ ဦးကတော့ မောင်နေလင်းထွန်း (အသက် ၁၅) နဲ့ မောင်းသိန်းအေးမောင် အသက် ၁၇ နှစ်တို့ဖြစ်ပြီး အသက်မပြည့်သေးလို့ ကလေးသူငယ်ဥပဒေအရ စစ်တွေမြို့နယ်တရားရုံးမှာ အပြင်ကနေ တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ကိုမောင်ငြိမ်းရွှေရဲ့ မိခင်ဖြစ်သူ ဒေါ်ရီရီမိုးက “ဒီလိုဖြစ်နေတာထဲမှာ ပြည်သူတွေကြား မနစ်နာစေချင်ဘူ။ ပြည်သူတွေကို အေအေလို့ စွပ်စွဲပြီးတော့ ဖမ်းဆီးတာတွေမလုပ်ဖို့ ရက်စက်တာတွေ မလုပ်ဖို့ လိုတယ်” လို့ ပြောပါတယ်။

ကျောက်တန်းဖြစ်စဉ်မှာ ဖမ်းဆီးခံရသူတွေကို နောက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက်တာတွေ ရှိခဲ့တယ်လို့ ပြန်လွတ်လာသူတွေက တရားရုံးအပြင်ဘက်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ် ဧပြီလက ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှာ ရွာသား ၂၇၅ ဦးကို တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် လူ ၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013