
မက္ကဆီကိုနိုင်ငံ ဇာကာတီကပ်စ်နဲ့ ဟာလစ်စ်ကို ပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ကားဗုံးခွဲမှုနဲ့ ပတ်သက် လို့ သံသယရှိသူ ၃ ယောက်ကို ဖမ်းမိထားတယ်လို့ လုံခြုံရေးဝန်ကြီး အိုမာဂါစီယာ ဟားဖွှတ်ချ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်မှာ ဌာနချုပ်နား ဗုံးသွားထောင်တဲ့ အဓိကတရားခံ ဟွန် ပေဒရိုအဲန်ကို စပြီး ဖမ်းမိခဲ့တာပါ။
သူ့ဆီကနေ လက်ပစ်ဗုံး၊ လက်လုပ်ဖောက်ခွဲရေးပစ္စည်း၊ ကျည်ဆန် ၇၀၊ မူးယစ်ဆေးဝါး၊ ယာဉ်ဘီး ဖောက်တဲ့ သံချွန် ဦးရေ ၂၀ ကျော်နဲ့ ကားတစီးကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီနောက် တိုက်ခိုက်မှု မလုပ်ရသေးခင်မှာ ကင်းထောက်ပေးခဲ့ကြတဲ့ အီပိုလီတိုအဲန်နဲ့ မိဂေးလ် အဲန်တို့ ၂ ယောက်ကိုပါ ထပ်ဖမ်းမိခဲ့ပါတယ်။
မိဂေးလ်အဲန်ဟာ လူသတ်မှုနဲ့ ဝရမ်းပြေးဖြစ်နေသူဖြစ်ပြီး သူတို့ ၂ ယောက်ဟာ အာဂွာစ်ကာ လီယန်းတေးစ်နဲ့ ဇာကာတီကပ်စ်ပြည်နယ်တွေမှာ လှုပ်ရှားနေတဲ့ ဂိုဏ်းဝင်တွေ ဖြစ်ကြပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဟာလစ်စ်ကိုမှာ ည ၇ နာရီခွဲကျော်လောက်က ဖြစ်ခဲ့တာပါ။ အခိုးခံထားရတဲ့ ကားပေါ်မှာ ဖောက်ခွဲရေးပစ္စည်း ကီလိုဂရမ် ၂၀၀ လောက်အထိ သုံးပြီး ဖောက်ခွဲခဲ့တာလို့ ခန့်မှန်း ထားကြပါတယ်။
ဒီဗုံးခွဲမှုကို ဟာလစ်စကို မျိုးဆက်သစ် မူးယစ်ဂိုဏ်း (CJNG) နဲ့ ပစိဖိတ် မူးယစ်ဂိုဏ်းတို့ကြား နယ်မြေလု တိုက်ပွဲတခုအနေနဲ့ စုံစမ်းနေပါတယ်။
ဒါ့အပြင် CJNG ဂိုဏ်းရဲ့ ထိပ်တန်းခေါင်းဆောင် “အယ်လ်ပေလုန်း” လို့ ခေါ်တဲ့ ဟွန် ကားလို့စ် ဗလန်စီယာ ဂွန်ဇားလက်စ်ကိုလည်း အရာရှိတွေက ထည့်ပြောသွားပါတယ်။
သူဟာ နိုင်ငံသားနှစ်မျိုး ကိုင်ထားသူဖြစ်ပြီး တရားခံလွှဲပြောင်းရေး အမိန့်လည်း ထွက်ရှိ ထားပါတယ်။
သူ့ကို ဖမ်းဖို့ သတင်းပေးနိုင်ရင် အမေရိကန်က ဆုကြေး ဒေါ်လာ ၂၅ သန်းအထိ တိုးမြှင့် ပေးထားပါတယ်။
ဗလန်စီယာဟာ အမေရိကန်ထဲ မူးယစ်ဆေး တရားမဝင် တင်သွင်းဖို့ ပူးပေါင်းကြံစည်မှု၊ မူးယစ်ဆေး ရောင်းဝယ်နေချိန်မှာ လက်နက်သုံးစွဲမှုတို့နဲ့ အမေရိကန်မှာ တရားစွဲခံထားရသူလည်း ဖြစ်ပါတယ်။
Source:Reuters











