DVB Logo
Home
မြန်မာသတင်း
လပွတ္တာတွင် ဆွမ်းခံရန်အခက်အခဲရှိနေသည့် စာသင်တိုက်အတွက် ကယ်ဆယ်ရေးအသင်း ကူညီ ဆွမ်းခံပေး
DVB
·
May 9, 2020
လပွတ္တာတွင် ဆွမ်းခံရန်အခက်အခဲရှိနေသည့် စာသင်တိုက်အတွက် ကယ်ဆယ်ရေးအသင်း ကူညီ ဆွမ်းခံပေး
1 / 2
Donate to DVB

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ အမှတ် ၅ ရပ်ကွက်ရှိ စာသင်တိုက်မှ သံဃာတော်တွေ COVID-19 ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း ဆွမ်းခံဖို့ အခက်အခဲဖြစ်ပေါ်နေလို့ ဒေသခံ အဖြူရောင်ဧရာဝတီ သဘာဝဘေးကယ်ဆယ်ရေးအသင်းက ဦးဆောင်ကာ ဆွမ်းခံပေးနေတယ်လို့ သိရပါတယ်။

အမှတ် ၅ ရပ်ကွက်မှာရှိတဲ့ လေးထပ်ပရိယတ္တိစာသင်တိုက်မှာ လက်ရှိစာသင်နေတဲ့ သံဃာတော်အပါး ၃၀ ကျော်ရှိပြီး COVID-19 ရောဂါဖြစ်ပွားနေတဲ့ အချိန်ကာလအတွင်း အပြင်ထွက်ဆွမ်းခံရင် ရောဂါကူးစက်လာပါက ပြန့်ပွားမှာစိုးရိမ်ပြီး ဆွမ်းခံမထွက်တော့လို့ အဖြူရောင်ဧရာဝတီ သဘာဝဘေးကယ်ဆယ်ရေးအသင်းက မေလ ပထမတ်ပတ်က စတင်ကာ ဆွမ်းခံပေးနေတယ်လို့ အသင်းတာဝန်ရှိသူက DVB ကို ပြောပါတယ်။

“ဆရာတော်တွေက အပြင်ထွက် ဆွမ်းခံလို့ မတော်တဆ ရောဂါကူးစက်ရင် ကျောင်းမှာ ပြန့်ပွားမှာစိုးလို့ ဆွမ်းခံမထွက်တော့လို့ ကျနော်တို့အဖွဲ့က ဆရာတော်တွေအတွက် ဆွမ်းလိုက်ခံပေးနေတာပါ” လို့ အဖြူရောင်ဧရာဝတီ သဘာဝဘေးကယ်ဆယ်ရေးအသင်းက ကိုခင်မောင်ဝင်းက ပြောပါတယ်။

ဆွမ်းခံမထွက်နိုင်တဲ့ စာသင်ကျောင်းများအတွက် မနက် ၉ နာရီမှ နေ့လယ် ၁၁ နာရီအချိန်ထိ အမှတ် ၅ ရပ်ကွက်အတွင်း လှည့်လည်ကာ ဆွမ်းအလှူခံပေးနေတာဖြစ်ပြီး အသင်းလူ အင်အားနည်းတာကြောင့် ဆွမ်းခံမထွက်နိုင်တဲ့ အခြားစာသင်တိုက်တွေအတွက် ဆွမ်းအလှူခံမပေးနိုင်တာကိုတော့ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

လပွတ္တာမြို့မှာ စာသင်တိုက် ၅ ခုရှိပြီး အဆိုပါ စာသင်တိုက်တွေ စာသင်သံဃာတော် ၁၅၀ အပါး ကျော်ရှိကာ COVID-19 ဖြစ်ပွားနေတဲ့ အချိန်ကာလမှာ စာသင်သံဃာတော်တွေက ရောဂါပိုး ကူးစက်ခံရရင် ပြန့်ပွားမှုများမှာစိုးလို့ ဆွမ်းခံမထွက်တော့တာလို့ သိရပါတယ်။



မင်းထက်မုန်း(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013