DVB Logo
Home
မြန်မာသတင်း
ကပ်ဘေးကာလ အသစ်ထွက်လာသည့် တင်ဇာမော် သီချင်း - ‘အားတင်းထား ရန်ကုန်’(ရုပ်သံ)
DVB
·
May 6, 2020
ကပ်ဘေးကာလ အသစ်ထွက်လာသည့် တင်ဇာမော် သီချင်း - ‘အားတင်းထား ရန်ကုန်’(ရုပ်သံ)
Donate to DVB

“ရန်ကုန်မြို့ကြီး တိတ်ဆိတ်နေလား… ရန်ကုန်မြို့ကြီး ခြောက်ကပ်လို့သွား… မောပန်းပြီလားကွာ… ခဏလောက်တော့ နားပါ… တချိန်မှာ ကျော်ဖြတ်နိုင်ရမှာ”

ဒါကတော့ COVID-19 ကပ်ဘေးကာလ အသစ်ထွက်ရှိလာတဲ့ တေးသံရှင် တင်ဇာမော်ရဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

“အားတင်းထားရန်ကုန်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ထိန်လင်းက ရေးဖွဲ့ပေးထားခဲ့တာ ဖြစ်ပါတယ်။

“ဧပရယ်လ်နွေရဲ့ ငြီးငွေ့စရာများ… ပူလောင်မှုများ ငြိမ်းအေးစေသား… အားမလျှော့ပါနဲ့ကွာ… အားတင်းလို့ထားပါ… တချိန်မှာ ပြန်လည်ရှင်သန်ဖို့ရာ”

အသက် ၄၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော် တင်ဇာမော်ဟာ ၁၉၉၃ ခုနှစ်မှာ ကျင်းပတဲ့ ဦးစောနု သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပထမဆုရရှိခဲ့ပြီး ဂီတလောကထဲကို ရောက်ရှိလာခဲ့တာပါ။

၁၉၉၅ ခုနှစ်မှာတော့ ‘စွဲလမ်းမှုပြဿနာတကိုယ်တော်တေးအယ်လ်ဘမ် ထွက်ရှိခဲ့ပြီး အဲဒီ နောက်အချိန် ၂ နှစ်အကြာ ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘ကြင်နာသူ နှစ်ဦး ဆုံနိုင်ရင်ကတော့ သူ့ကို တင်ဇာမော်လို့ သိသွားစေခဲ့တဲ့ တေးအယ်လ်ဘမ် ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ၁၉၉၉ ခုနှစ်မှာတော့ ‘အချစ်ကျောင်းသူ၊ ထွန်းအိန္ဒြာဗို၊ မဒီတို့နဲ့ အတွဲ ခွေအဖြစ် ထွက်ရှိခဲ့တဲ့ ‘သုံးယောက်စကား၊ ထွန်းအိန္ဒြာဗိုနဲ့ ၂ ယောက်တွဲ ထွက်ရှိခဲ့တဲ့ ‘မျက်စိမှိတ်ပြီး ချစ်လိုက်ပါစတဲ့ တေးအယ်လ်ဘမ်တွေဟာလည်း ထင်ရှားပါတယ်။

အဲဒီနောက်မှာတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘တင်ဇာမော်ရဲ့ တင်ဇာမော်၊ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘ကြယ်စင်လိုအချစ်များ၊ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘တင်ဇာမော်ရဲ့ တင်ဇာမော် ၂စတဲ့ တေးအယ်လ်ဘမ်တွေ ထွက်ရှိခဲ့ပြီးနောက်မှာ ဂီတလောကကနေ နှစ်အတန်ကြာ ပျောက်နေခဲ့ ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာတော့ ‘ကိုယ့်မွေးနေ့အမည်နဲ့ တကိုယ်တော်တေးဂီတ ဖျော်ဖြေပွဲနဲ့ အတူ တကျော့ပြန်ဝင်ရောက်လာခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ တကျော့ပြန်တင်ဇာမော်ကို ပရိသတ်တွေ အသိအမှတ်ပြုကြရတဲ့ ‘Seven’ဆိုတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်နဲ့အတူ တေးဂီတဆုတွေ ရရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာပဲ Myanmar Idol Season 2 ရဲ့ ဒိုင်တဦးအဖြစ်ပါဝင်ခဲ့ကာ လက်ရှိ Season 4 မှာလည်း အောင်ကိုလတ်၊ ဖြူဖြူကျော်သိန်းတို့နဲ့အတူ ဒိုင်တဦးအနေနဲ့ ပါဝင် တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

“ရန်ကုန်ရေ… တို့အတူ တို့အတူ ကျော်ဖြတ်မှာ… ရန်ကုန်ရေ… အားမငယ်… အားမငယ်ပါနဲ့… အမြဲတမ်း အသင့်ပြင်ထား… ရန်ကုန်ရေ… တို့အတူ တို့အတူ ကျော် ဖြတ်မှာ… ရန်ကုန်ရေ အားမငယ်… အားမငယ်ပါနဲ့… အမြဲတမ်း အသင့်ပြင်ထား… တ ချိန်မှာ နိုးထစေမှာ… တချိန်မှာ လန်းဆန်းနေဦးမှာ… ငါတို့ချစ်တဲ့ မြို့တော်… မြို့တော် ရန်ကုန်ရေ… အားတင်းထား”

လတ်တလော ကပ်ဘေးကာလကို အားတင်းကျော်ဖြတ်နိုင်ဖို့ ခွန်အားပေးတေး သွားစာသားတွေနဲ့ ဒီသီချင်းကိုတော့ Tay Than Thar Music ကနေ ဖြန့်ချိပေးထားခဲ့တာ ဖြစ်ပြီး လတ်တလော ပရိသတ်တွေကြားမှာတော့ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013