DVB Logo
Home
မြန်မာသတင်း
စက်ရုံအလုပ်ရုံများ ပြန်ဖွင့်တော့မည်ဖြစ်၍ ရောဂါကူးစက်မှု များလာနိုင်ဟု ကျန်းမာရေးဝန်ကြီး ပြော
DVB
·
May 4, 2020
စက်ရုံအလုပ်ရုံများ ပြန်ဖွင့်တော့မည်ဖြစ်၍ ရောဂါကူးစက်မှု များလာနိုင်ဟု ကျန်းမာရေးဝန်ကြီး ပြော
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားတာကို အတိုင်းအတာတခုအထိ ကာကွယ်ထိန်းချုပ် နိုင်ပြီဖြစ်ပေမယ့် လူထုထဲမှာ ကူးစက်ဖြစ်ပွားတာ ရှိနေနိုင်သလို စက်ရုံအလုပ်ရုံတွေ ပြန်ဖွင့်တော့မှာ ဖြစ်လို့ ရောဂါကူးစက်တာ များလာနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာကို ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်မှာ စတွေ့ခဲ့ပြီး ဧပြီ ဒုတိယအပတ်နဲ့ တတိယအပတ်တို့မှာ ဓာတ်ခွဲအတည်ပြုလူနာတွေ ပိုတွေ့ခဲ့ရသလို ဧပြီနောက်ဆုံးအပတ်ကစလို့ လူနာသစ်တွေ့ရတာ နည်းနည်း လျော့သွားခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် ဝန်ကြီးက သတင်းစကားဆိုပါတယ်။

ဒါဟာလည်း ဓာတ်ခွဲအတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့သူတွေကို စောစောစီးစီး ရှာဖွေ ဖော်ထုတ် အသွားအလာကန့်သတ်ထားရှိပြီး ဓာတ်ခွဲနမူနာတွေ ရယူစစ်ဆေးတာ၊ သံသယရောဂါ လက္ခဏာရှိသူတွေကို စောင့်ကြည့်လူနာတွေအဖြစ် သတ်မှတ်ပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးတာ၊ ပြည်ပကနေဝင်ရောက်လာသူတွေကို သတ်မှတ်နေရာ အဆောက်အဦတွေမှာထားပြီး အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုတာ၊ ပြည်ပနိုင်ငံတွေက ခရီးသည်ဝင်ထွက်တာကို လျှော့ချကန့်သတ်နိုင် တာကြောင့်ပြည်ပကနေ ရောဂါကူးစက်ဝင်ရောက်တာ နည်းပါးလာတာ၊ လူစုလူဝေးတွေကို တားမြစ်တာ၊ ပြည်သူတွေအနေနဲ့ အိမ်မှာပဲနေထိုင်တာ၊ တယောက်နဲ့တယောက် ထိတွေ့မှု နည်းအောင် နေထိုင်တာ၊ လက်ကို မကြာခဏစနစ်တကျဆေးတာ၊ အပြင်ကိုသွားလာချိန်မှာ ပါးစပ်နဲ့နှာခေါင်းစည်းတပ်တပ်ဆင်တာ များလာတာ စတဲ့ ရောဂါကူးစက်ဖြစ်ပွားမှု ကွင်းဆက်တွေကို ဖြတ်တောက် ကာကွယ်ထိန်းချုပ်တာတွေကြောင့် ဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားတာကို အခုအခါ အတိုင်းအတာ တခုအထိ ကာကွယ်ထိန်းချုပ်နိုင်ပြီဖြစ်ပေမယ့် လူထုထဲမှာ ရောဂါကူးစက်ဖြစ်ပွားတာ ရှိနေဆဲဖြစ်နိုင်ပြီး မေ ၃ ရက်အထိ ဓာတ်ခွဲ အတည်ပြုလူနာ ၁၅၁ ယောက်ရဲ့ ၅၇ ရာခိုင်နှုန်း လောက်မှာ ရောဂါလက္ခဏာမပြသဘဲ ရောဂါပိုးရှိနေတာကို တွေ့ခဲ့ရပါတယ်။

ဒါကြောင့် ရောဂါပိုးကူးစက်ခံထားရပေမယ့် ရောဂါလက္ခဏာမပြသသူတွေ ဒါမှမဟုတ် သာမာန်ရောဂါလက္ခဏာပဲရှိသူတွေဟာ ဆေးရုံဆေးခန်း၊ ကျန်းမာရေးဌာနတွေကို လာမပြဘဲ နေကြနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီလို မပြတဲ့လူနာတွေကို ဓာတ်ခွဲမစစ်နိုင်တာ၊ ဓာတ်ခွဲစစ်ဆေးတဲ့ အရေအတွက် နည်းပါး နေသေးတာကြောင့် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရတာ လတ်တလောမှာ နည်းနေတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အခုအခါမှာတော့ ရောဂါဖြစ်တာများနေတဲ့ နိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ ဂျပန်နဲ့ ကိုရီးယား စတဲ့ နိုင်ငံတွေက မြန်မာနိုင်ငံသားတွေ ပြည်တွင်းကို ပြန်ဝင်လာဖို့ရှိနေတာ၊ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ ပြည်တွင်းကို အစုလိုက် ပြန်လည်ဝင်ရောက်လာဖို့ ရှိနေတာ၊ ပိတ်ထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေ ပြန်ဖွင့်တော့မှာ ဖြစ်လို့ ရောဂါကူးစက်ပြန့်ပွားတာ ပိုများလာနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဝန်ထမ်းတွေအားလုံးနဲ့ လုပ်ငန်းတွေ ပူးပေါင်း ပါဝင်ဆောင်ရွက်နေသူအားလုံးအနေနဲ့ ရောဂါစောင့်ကြပ်ကြည့်ရှုတာ၊ ဓာတ်ခွဲအတည်ပြု လူနာတွေနဲ့ အနီးကပ် ထိတွေ့သူတွေကို ရှာဖွေဖော်ထုတ်စုံစမ်းတာ၊ အသွားအလာကန့်သတ်တာ စတဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန် မလျှော့ဘဲ ဆက်လုပ်ဖို့ အထူးအရေးကြီးတယ်လို့ဆိုပါတယ်။

ကျန်းမာရေးနဲ၌ အားကစားဝန်ကြီးဌာနအနေနဲ့လည်း ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးတာတွေ ပိုလုပ်နိုင်ဖို့ ဓာတ်ခွဲခန်းတွေ အဆင့်မြှင့်တင်တာ၊ ဓာတ်ခွဲနမူနာတွေ ပိုမိုရယူ စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း တတ်နိုင်သမျှကိုယ့်အိမ်ထဲမှာပဲ နေတာ၊ တယောက်နဲ့တယောက် ထိတွေ့တာနည်းဖို့ ခပ်ခွာခွာနေထိုင်တာ၊ လက်ကိုမကြာမကြာဆေးတာ၊ ဖျားတာ ချောင်းဆိုးတာ စတဲ့ ရောဂါလက္ခဏာတွေရှိရင် အနီးဆုံးကျန်းမာရေးဌာနမှာ ပြသဖို့၊ ကျန်းစမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို ဆက်လက်လိုက်နာကြဖို့ ထပ်ပြီး တိုက်တွန်းလိုက်ပါတယ်။

မေလ ၄ ရက်နေ့ မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း  ၁၅၅ ဦး၊ သေဆုံးသူ ၆ ဦး၊ ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၄၃ ဦးနဲ့ ဆေးရုံမှဆင်းခွင့်ရသူ  ၂၉  ဦးရှိတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013