DVB Logo
Home
မြန်မာသတင်း
နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို ARSA အကြမ်းဖက်အဖွဲ့ တိုက်ခိုက်၊ ရဲ ၂ ဦး ဒဏ်ရာရ
DVB
·
May 3, 2020
နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို ARSA အကြမ်းဖက်အဖွဲ့ တိုက်ခိုက်၊ ရဲ ၂ ဦး ဒဏ်ရာရ
Donate to DVB

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မှတ်တိုင် ၄၀ နဲ့ ၄၁ ကြား နယ်စပ်ခြံစည်းရိုးတလျှောက် လုံခြုံရေးဆောင်ရွက်နေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို ARSA အကြမ်းဖက်အဖွဲ့က မေ ၂ ရက် မနက် ၇ နာရီကျော်လောက်မှာ ပစ်ခတ်ခဲ့တာကြောင့် ၂ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဒေသတည်ငြိမ်အေးချမ်း လုံခြုံရေး၊ တရားမဝင်ဖြတ်ကျော်မှုတွေ တားဆီးရေး၊ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်မှု မရှိစေရေး လုံခြုံရေးဆောင်ရွက်နေတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးအပြင်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း တောင်ကုန်းပေါ်ကနေ ARSA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်လာတာကြောင့် နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး အရာရှိတဦးနဲ့ ရဲတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရရှိခဲ့တယ်လို့ မိုင်တိုင် ၄၁ စခန်းမှ တာဝန်ရှိတဦးက DVB ကို ပြောပါတယ်။

“မိုင်တိုင် ၄၀ နဲ့ ၄၁ ကြား လုံခြုံရေး ဆောင်ရွက်နေတဲ့ ရှေ့တန်းအမှတ် (၇) နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ်ဘက် တောင်ကုန်းပေါ်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်လာတာ။ ဒီဘက်ကလည်း ပစ်ခတ်တော့ အပြန်အလှန် တိုက်ပွဲဖြစ်တယ်။ နှစ်ဦး ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ ပျောက်ဆုံးသွားတဲ့ လက်နက်လည်း ပြန်တွေ့ခဲ့တယ်” လို့ ပြောကြားပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဒုရဲအုပ်တင်ဝင်းနိုင် ဦးခေါင်းရှပ်မှန်ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်သား ဇေယျာသိန်း ခြေထောက်ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တာပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို မေ ၂ ရက် မနက်ပိုင်းက ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကနေ ချောင်းမြောင်းပစ်ခတ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဧပြီ ၃၀ ရက်နေ့ကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ARSA အကြမ်းဖက်သမားတွေနဲ့ ပတ်သက်ဆက်နွှယ်သူနှစ်ဦးကို မူးယစ်ဆေးဝါး၊ မိုင်းနဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ အသေဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက် မနက်ပိုင်းကလည်း အာဆာအဖွဲ့ တိုက်ခိုက်မှုကြောင့် မောင်တောမြို့နယ် မြောက်ပိုင်း-ခမောင်းဆိပ်မြို့နဲ့ ၂ မိုင်ခန့်လောက်ဝေးတဲ့ အောင်ဇူနယ်ခြားစောင့်စခန်းက တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားခဲ့ပါတယ်။

လင်းလက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013