DVB Logo
Home
မြန်မာသတင်း
COVID-19 ရန်ပုံငွေအတွက် ဝန်ကြီးဌာနများကို ခွင့်ပြုဘတ်ဂျက် သိန်း ၂၀၀၀ စီ ပြန်သွင်းခိုင်း
DVB
·
May 2, 2020
COVID-19 ရန်ပုံငွေအတွက် ဝန်ကြီးဌာနများကို ခွင့်ပြုဘတ်ဂျက် သိန်း ၂၀၀၀ စီ ပြန်သွင်းခိုင်း
Donate to DVB

COVID-19 ရောဂါနဲ့ ပတ်သက်တဲ့ ရန်ပုံငွေအတွက် ဝန်ကြီးဌာနတခုဆီကနေ ကျပ်သိန်း ၂၀၀၀ စီ ပြန်လည်သွင်းခိုင်းထားတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

မနေ့က မေလ ၁ ရက်နေ့ သတင်းထောက်တွေနဲ့ Video Conferencing ပြုလုပ်ရာမှာ ပြောကြားခဲ့တာပါ။ 

COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် နိုင်ငံအတွင်းက နိုင်ငံပိုင်အဆောက်အဦတွေ အားလုံးကို လိုအပ်ပါက သုံးစွဲနိုင်ဖို့ ခွင့်ပြုပေးထားသလို ဘတ်ဂျက်အနေနဲ့လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန တောင်းခံသမျှ ခွင့်ပြုနိုင်အောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။

“လွှတ်တော်တွေ ပြန်ခေါ်တယ်ဆိုတာက အဲ့တာတွေကိုလည်း ဖြည့်စွက်ဘတ်ဂျက်အနေနဲ့ အတည်ပြုဖို့ ရှိပါတယ်။ အခုလောလောဆယ် ဝန်ကြီးဌာနတိုင်းကနေပြီးတော့ ဝန်ကြီးဌာနတခုစီကို သိန်းနှစ်ထောင်စီပေါ့နော်၊ ဘတ်ဂျက်ကို ပြန်သွင်းခိုင်းထားတယ်။ သူတို့လုပ်ရမယ့် လုပ်ငန်းစဉ်တွေထဲကနေ လျှော့၊ လျှော့ပြီးတော့ ဒီ COVID Fund အတွက် ဘတ်ဂျက်ကို ထပ်တိုးဖို့ရှိပါတယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။

COVID-19 ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တောင်းဆိုလာတဲ့ ဘတ်ဂျက်တွေကိုလည်း အတားအဆီးမရှိ မြန်မြန်ဆန်ဆန် ချပေးနေတဲ့အပြင် နောက်ထပ်ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အစိုးရက ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ ဒီနေ့အထိ COVID-19 Positive လူနာ ၁၅၁ ဦးရှိနေပြီး အခုတိုးချဲ့စစ်ဆေးမှုတွေအရ လူနာအများအပြား တွေ့ရှိရမယ်ဆိုပါကလည်း အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“အများကြီး၊ အများကြီးပေါ့နော်၊ အဲဒီလိုမျိုးဖြစ်လာရင် ဘယ်လိုလုပ်မလဲဆိုတော့ ကျနော်တို့ကတော့ အကောင်းဆုံးတော့ ပြင်ထားတယ်။ လုံလောက်ပြီလားဆိုရင်တော့ ကျနော်တို့အနေနဲ့ လည်း ၁၀၀ ရာခိုင်နှုန်း လုံလောက်ပြီလို့ ဘယ်နိုင်ငံမှ မပြောနိုင်သေးဘူးပေါ့နော်၊ ကျနော်တို့လည်း လုံလောက်ပြီလို့ မပြောနိုင်ဘူး။ သို့သော် အကောင်းဆုံးဖြစ်အောင်တော့ သူ့ပြည်နယ်/တိုင်းအလိုက် ပြင်ဆင်ထားတယ်လို့ ပြောချင်ပါတယ်။”

လက်ရှိအစိုးရလက်ထက် မြန်မာနိုင်ငံမှာ ဝန်ကြီးဌာန စုစုပေါင်း ၂၄ ခုရှိပြီး အခုလို ဝန်ကြီးဌာန တခုစီကနေ ကျပ်သိန်း ၂ ထောင် ပြန်လည်တောင်းခံထားတဲ့အတွက်  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ COVID-19 ရန်ပုံငွေအဖြစ် ကျပ်ငွေ သိန်း ၄၈၀၀၀ ကို ထပ်တိုးသုံးစွဲခွင့်ရရှိမှာ ဖြစ်ပါတယ်။

ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013