
၈ နာရီကြာ လည်ပတ်အသုံးပြုရင် ဓာတ်ခွဲနမူနာပေါင်း ၃၈၄ ခု စစ်ဆေးနိုင်မယ့် Cobas 6800 စက်ကို ဒီနေ့ အပြီးတပ်ဆင်မှာဖြစ်ပြီး မေလ ပထမပတ်မှာ စတင်အသုံးပြုမယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ကို AA Medical Products Ltd က လှူဒါန်းထားတဲ့ COVID-19 နဲ့ပတ်သက်ပြီး ဓာတ်ခွဲစစ်ဆေးနိုင်မယ့် Cobas 6800 စက်ကို ဧပြီ ၂၄ ရက်မှာ စတင်တပ်ဆင်ခဲ့ပြီး အခုအခါ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ ဆိုပါတယ်။
တပ်ဆင်တဲ့လုပ်ငန်းတွေကို ဒီနေ့ ဧပြီ ၂၇ ရက်မှာ အပြီးသတ်မှာဖြစ်ပြီး အရည်အသွေးပြည့်ဝမှု စစ်ဆေးတာ (quality control and laboratory management information) လုပ်သွားမယ်လို့ ဆိုပါတယ်။
ဒီနောက်မှာတော့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှာ လက်ရှိဆောင်ရွက်နေတဲ့ (standard PCR) COVID-19 ဓာတ်ခွဲစစ်ဆေးတာတွေနဲ့ ပြိုင်တူစစ်ဆေးသွားမယ်လို့လည်း ဆိုပါတယ်။
Cobas 6800 စက်ကို မေလပထမအပတ်လောက်မှာ စတင်အသုံးချပြီး COVID-19 ဓာတ်ခွဲစစ်ဆေးတာတွေ လုပ်နိုင်မယ်လို့ ခန့်မှန်းထားပြီး အဲဒီစက်ကို ၈ နာရီကြာ လည်ပတ်အသုံးပြုရင် ဓာတ်ခွဲနမူနာပေါင်း ၃၈၄ ခု စစ်ဆေးနိုင်မှာဖြစ်လို့ တရက် ၂၄ နာရီမှာ ၁၁၅၂ ခု စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအနေနဲ့ အခုအခါ စောင့်ကြည့်လူနာတွေအားလုံး၊ ဓာတ်ခွဲအတည်ပြုလူနာနဲ့ နီးကပ်ထိတွေ့ခဲ့သူတွေအားလုံးနဲ့ အသွားအလာကန့်သတ်ထားသူတွေထဲက သတ်မှတ်ရာခိုင်နှုန်းတို့ကို COVID-19 ရောဂါပိုး ရှိ/ မရှိ ဓာတ်ခွဲစစ်ဆေးနေပြီး အဲဒီ Cobas 6800 စက်ကို အသုံးချပြီး အရေအတွက် ပိုစစ်ဆေးနိုင်တော့မယ်လို့ ဆိုပါတယ်။










