DVB Logo
Home
မြန်မာသတင်း
တပ်မတော်ပိုင် COBAS 6800 စက်များဖြင့် COVID-19 ရောဂါ ရှိ/မရှိ ကူညီစစ်ဆေးပေးမည်
DVB
·
April 25, 2020
တပ်မတော်ပိုင် COBAS 6800 စက်များဖြင့် COVID-19 ရောဂါ ရှိ/မရှိ ကူညီစစ်ဆေးပေးမည်
Donate to DVB

COVID-19 ရောဂါပိုး ရှိ/မရှိ တရက်ကို လူဦးရေ ၁၄၀၀ လောက် အတည်ပြု စမ်းသပ်ပေးနိုင်တဲ့ COBAS 6800  စက်တွေနဲ့ စစ်ဆေးပေးသွားမယ်လို့ တပ်မတော်က ဧပြီ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီ COBAS 6800 စက်တွေဟာ ကမ္ဘာ့ထိပ်တန်းရောဂါရှာဖွေရေးစက်တွေ ထုတ်လုပ်တဲ့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Roche Diagnostics ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး နောက်ဆုံးပေါ်ရောဂါရှာဖွေရေးစက် အမျိုးအစားဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ ကမ္ဘာ့နိုင်ငံကြီးတွေမှာ COVID-19 ရောဂါပိုးရှာဖွေရေးမှာ လက်ရှိသုံးစွဲနေပြီး အရည်အသွေးဆိုင်ရာ အသိအမှတ်ပြုမှု ရရှိထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COBAS 6800 စက်ဟာ Fully Automatic System ဖြစ်တာကြောင့် တရက်ကို လူ ၁၄၀၀ ဦးလောက် စမ်းသပ်စစ်ဆေးပေးနိုင်ပြီး စက်ကိုင်တွယ်သူတွေကိုလည်း ရောဂါပိုးကူးစက်နိုင်မှု ရာခိုင်နှုန်း နည်းပါးပြီး အမြန်ဆုံး၊ အများဆုံးနဲ့ အမှန်ကန်ဆုံး စစ်ဆေးပေးနိုင်မယ်လို့ ဆိုပါတယ်၊

တပ်မတော်အနေနဲ့ ရောဂါပိုးအမျိုးမျိုးအား အတည်ပြုစမ်းသပ်စစ်ဆေးနိုင်ဖို့ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ရန်ကုန်နဲ့ အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ နေပြည်တော်တို့မှာ COBAS 6800 စက် ၁ လုံးစီကို ၂၀၁၉ ခုနှစ်ကတည်းက တပ်ဆင်ခဲ့တယ်လို့ သိရပါတယ်။

COBAS 6800 စက်တွေနဲ့ COVID-19  ရောဂါပိုး ရှိ/မရှိ စစ်ဆေးရေမှာ လိုအပ်တဲ့  Reagent  တွေ မှာထားတာ အခုအခါ ရောက်ရှိလာပြီဖြစ်ကြောင်း၊ ရောဂါပိုး စစ်ဆေးနိုင်ဖို့ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆေးဝန်ထမ်းတပ်ဖွဲ့က ပညာရှင်တွေ ပူးပေါင်းပြီး စက်ပိုင်းဆိုင်ရာ လိုအပ်တဲ့ Installation နဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဧပြီ ၂၃ ရက်က စတင်ကာ စမ်းသပ်စစ်ဆေးမှုတွေ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

အဆိုပါစက်တွေဟာ လက်ရှိမှာ COVID-19 ရောဂါပိုး စမ်းသပ်စစ်ဆေး အတည်ပြုပေးဖို့ အသင့်ရှိပြီလို့ သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှာ အလားတူ COBAS 6800 စက် ၁ လုံး ရှိထားကာ ရန်ကုန်မှာ Installation လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပြီး အဲဒီ လုပ်ငန်းတွေ မပြီးစီးမီနဲ့ ပြီးစီးပြီးနောက်ပိုင်း လိုအပ်ပါက ရန်ကုန်နဲ့ နေပြည်တော်တို့ရှိ တပ်မတော်ဆေးရုံတို့က COBAS 6800 စက်တွေနဲ့ COVID-19 ရောဂါပိုး အတည်ပြု စမ်းသပ်စစ်ဆေးမှုတွေကို တပ်မတော်က ပူးပေါင်းကူညီပေးသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013