
နာမည်ကျော် ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်အပါအဝင် ရန်ကုန်မြို့ ပြည်လမ်း တီတီစီ အမရာဆောင်မှာ Quarantine ဝင်နေသူတွေ အားလုံးရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးရာမှာ အားလုံး Negative ဖြစ်ကြောင်း အဆိုပါအဆောင်မှာ Quarantine ဝင်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့သူတွေအပြင် တဆင့်ခံထိတွေ့သူတွေအားလုံးကို ဧပြီ ၁၇ ရက်က ပြည်လမ်းရှိ တီတီစီမှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားခဲ့ရာက လေးရက်မြောက်မှာ သူတို့ကို ပထမအကြိမ် ဓာတ်ခွဲနမူနာ စစ်ဆေးရာမှာ Negative အဖြေထွက်ကြောင်းကို အဆောင်တာဝန်ရှိသူက ဒီကနေ့ လာရောက်အကြောင်းကြားခဲ့တာလို့ သူက ပြောပါတယ်။
ပြည်လမ်း တီတီစီ အမရာဆောင်မှာ Quarantine ဝင်နေသူ ၁၀၀ကျော်ရှိနေကြောင်း၊ သူတို့အားလုံး ပထမအဆင့် စစ်ဆေးမှုအဖြေမှာ Negative လို့ သိရပြီး တိကျသေချာတဲ့အဖြေကို နောက်ထပ်အဆင့်ဆင့်စစ်ဆေးမှုအပြီး ညပိုင်းသတင်းထုတ်ပြန်ချက်မှာ ဖော်ပြသွားမယ်လို့ သိရပါတယ်။










