
ယီမင်လက်နက်ကိုင် ဟူသီအဖွဲ့ဟာ ဆော်ဒီအာရေဗျနိုင်ငံရှိ လေဆိပ်တွေကို တိုက်ခိုက်မှု အကြိမ် ၂၀ လုပ်ခဲ့ပြီး လူ ၁၇ ယောက် သေဆုံးခဲ့တယ်လို့ ယီမင်နိုင်ငံမှာ တိုက်ခိုက်နေတဲ့ ဆော်ဒီ ဦးဆောင် မဟာမိတ်တပ်ဖွဲ့က အောက်တိုဘာ ၁၅ ရက်မှာ ပြောပါတယ်။
ဟူသီတွေဟာ ဆော်ဒီနိုင်ငံအတွင်းက လေဆိပ်တွေ၊ ရေနံစက်ရုံတွေနဲ့ ဆိပ်ကမ်းပေါင်းများစွာကိုပါ တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ကြတယ်လို့ မဟာမိတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တာကီ အယ်လ် မာကီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း ဆော်ဒီအာရေဗျဟာ ဟူသီတွေရဲ့ ကျယ်ပြန့်တဲ့ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အောက်တိုဘာ ၁၀ ရက်က ရီယာ့ဒ်မြို့တော် ရှိ ခါလစ်ဒ်ဘုရင် အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုက်ခိုက်ခံရမှုမှာ လူ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။
အောက်တိုဘာ ၁၅ ရက်မှာ ဆော်ဒီအာဏာပိုင်တွေ ထုတ်ပြန်လိုက်တဲ့ လုံခြုံရေးကင်မရာ ရုပ်သံမှတ်တမ်းတွေမှာတော့ လေဆိပ် ၃ ခု တိုက်ခိုက်ခံရတာကို မြင်တွေ့ရပါတယ်။
ယီမင်နယ်စပ်အနီးရှိ အဘား အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသည်ထိုင်ခုံတွေအနီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၃ ယောက် သေဆုံးကာ ၂၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ဂျာဇန်မြို့ရှိ ကင်းအဗ္ဗဒူလာဘင် အဗ္ဗဒူလာဇစ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အဆောင် တခုရဲ့အမိုး ပျက်စီးသွားစေတဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သလို နဂ်ျရန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လည်း ပေါက်ကွဲမှုဖြစ်ပြီး အပျက်အစီးတွေ လွင့်စင်ကျလာတာကို တွေ့ရပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ လေဆိပ်တွေ၊ ဆိပ်ကမ်းတွေနဲ့ ရေနံစက်ရုံတွေကို ပစ်မှတ်ထားတဲ့ ဟူသီအဖွဲ့ရဲ့ ပိုမိုကျယ်ပြန့်တဲ့ စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး အမေရိကန်ရဲ့ မဟာမိတ် ဆော်ဒီနိုင်ငံကို ဖိအားဖြစ်စေသလို ကြီးမားတဲ့ စီးပွားရေးရည်မှန်းချက် စီမံကိန်းတွေအတွက်လည်း စိုးရိမ်စရာ ဖြစ်လာစေပါတယ်။
ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ အရပ်ဘက်လေကြောင်းအဖွဲ့ (ICAO) အုပ်ချုပ်ရေးကောင်စီ ကလည်း အရပ်ဘက် လေကြောင်းအခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေကို ပြင်းပြင်း ထန်ထန် ပြစ်တင် ရှုတ်ချခဲ့ပါတယ်။
အရှိန်မြင့်တက်လာတဲ့ ဒီပဋိပက္ခနဲ့ ဟူသီအဖွဲ့ရဲ့ ဆက်တိုက်တိုက်ခိုက်မှုတွေကြောင့် ဆော်ဒီနိုင်ငံဆီ သွားလာမဲ့ လေကြောင်းခရီးစဉ်တွေအတွက် စိုးရိမ်မှုတွေ ပိုမိုမြင့်တက်လာခဲ့ပြီး ဥရောပသမဂ္ဂ (EU) နဲ့ ပင်လယ်ကွေ့နိုင်ငံတွေဟာ လာမဲ့သီတင်းပတ် ဆော်ဒီမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ပူးတွဲ ထိပ်သီးအစည်းအဝေးကို ကြာသပတေးနေ့မှာ ရွှေ့ဆိုင်းလိုက်ကြပါတယ်။
Source: Reuters











