
ဆော်ဒီအာရေဗျနိုင်ငံအပေါ် ဟူသီသူပုန်တွေက မကြာသေးမီရက်ပိုင်းအတွင်း မကြာခဏ တိုက်ခိုက်မှုရာမှာ အီရန် အစိုးရက ဟူသီတို့ကို လှုံ့ဆော်ပေးခဲ့တယ်လို့ ဆော်ဒီအစိုးရက စွပ်စွဲထားပါတယ်။
ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး တိုက်ခိုက်မှုတွေမှာ အီရန်အနေနဲ့ ဘယ်လိုမှ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ်ဘာဂါအီက အောက်တိုဘာ ၁၆ ရက်မှာ တုံ့ပြန် ငြင်းဆိုလိုက်ပါတယ်။
ဟူသီတို့ရဲ့ စစ်ဆင်ရေးတွေမှာ အီရန်ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကိုပယ်ချပြီး ဟူသီတို့က သူတို့ကိုယ်ပိုင် အကျိုးစီးပွား၊ တွက်ချက်မှုတွေအပေါ် အခြေခံလုပ်ဆောင်ခဲ့တာလို့ ဘာဂါအီက ထုတ်ပြန်ချက်တခုမှာ ဖော်ပြပါတယ်။
အီရန်နဲ့ မဟာမိတ်တွေကြား ဆက်ဆံရေးကို ကောင်းကောင်း နားလည်သိရှိထားသူတွေအတွက် ဒီလို စွပ်စွဲချက်တွေက ယုံကြည်လောက်စရာ မရှိဘူးလို့လည်း သူက ပြောလိုက်ပါတယ်။
တင်းမာမှုတွေ မြင့်တက်လာတာက ဘယ်ဘက်အတွက်မှ အကျိုးမရှိဘူးဆိုတာ အီရန်က ယုံကြည်ထားတယ်လို့ ဘာဂါအီက အလေးပေးပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဆော်ဒီအာရေဗျနဲ့ ဟူသီအဖွဲ့တို့အကြား ပဋိပက္ခတွေကို အဆုံးသတ်နိုင်စေဖို့ အီရန်အနေနဲ့ ကြားဝင်စေ့စပ်ပေးခြင်းအားဖြင့် ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း သူက ပြောပါတယ်။
ဆော်ဒီအနေနဲ့ ဟူသီသူပုန်တွေနဲ့ အိုမန်နိုင်ငံမှာ ဇူလိုင်လမှာ တွေ့ဆုံဆွေးနွေးဖို့ အဆိုပြုခဲ့ပြီး ဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်က သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့နဲ့ ပဋိပက္ခကို အဆုံးသတ်ဖို့ ဖြစ်တယ်လို့ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဝါလိဒ်အယ်လ်ခါရီဂျီက ပြောပါတယ်။
ဟူသီတွေက အဆိုပြုချက်ကို ငြင်းပယ်ခဲ့တယ်လို့လည်းဆိုပါတယ်။ ဟူသီတွေဟာ မကြာသေးမီက ဆော်ဒီအာရေဗျ နိုင်ငံထဲက နိုင်ငံတကာလေဆိပ်တွေနဲ့ ရေနံစက်ရုံတွေ အပါအဝင် အဓိကကျတဲ့ နေရာတွေကို ပစ်မှတ်ထားပြီး ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ မကြာခဏ တိုက်ခိုက်ခဲ့ပါတယ်။
အောက်တိုဘာလကစပြီး ရီယာ့ဒ်မြို့က ဘုရင်ခါလစ်ဒ် နိုင်ငံတကာလေဆိပ်ကို ဟူသီတွေက တိုက်ခိုက်လို့ လူ ၁၇ ယောက်သေဆုံးပြီး ၃၃၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တာကီ အယ်လ်-မာလီကီက ကြာသပတေးနေ့မှာ ပြောပါတယ်။
Source: Reuters











