
ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကယားပြည်နယ်အတွင်းရှိ မြို့နယ် ၇ ခုစလုံးမှာ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အမိန့်တွေကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးအသီးသီးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
ရောဂါထိန်းချုပ် ကုသရေးလုပ်ငန်းတွေ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ တာဝန်ရှိသူများမှအပ မည်သူမျှခွင့်ပြုချက်သော်လည်းကောင်း၊ လုံလောက်တဲ့ အကြောင်းတစုံတရာ မရှိဘဲ နေအိမ်ပြင်ပသို့ ည ၁၀ နာရီမှ မနက် ၄ နာရီအတွင်း တဦးချင်းသော် လည်းကောင်း၊ အစုအဖွဲ့ သော်လည်းကောင်း သွားလာစုဝေးခြင်းမပြုဖို့ လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး လက်မှတ်နဲ့ ထုတ်ပြန်ထားပါတယ်။
ဒီအမိန့်ထုတ်ပြန်ချက်ဟာ မေလ ၂၀ ရက်နေ့အထိ အတည်ဖြစ်ပြီး အမိန့်ကို လိုက်နာခြင်း မပြုပါက တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်တာနဲ့ပတ်သက်လို့ လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက “တခြားပြည်နယ်နဲ့တိုင်းတွေတောင်မှ ထုတ်နေတာ၊ ကိုယ်တို့က မထုတ်ဘူးဆိုရင် ကိုယ်တို့ရဲ့ လိုအပ်ချက်ဖြစ်သွားမှာလေ။ ရောဂါမဖြစ်ပွားသေးတဲ့ မြစ်ကြီးနားလို နေရာမျိုးတောင်မှ ထုတ်ထားတော့ ကိုယ်တို့လည်း ထုတ်ဖို့လိုအပ်လို့ ဆောင်ရွက်တာပါ။ အဓိကကတော့ တချက်ကတော့ လူစုလူဝေး မဖြစ်စေချင်ဘူး။ ညဘက်မှာ လူဆိုး လူကောင်း ခွဲနိုင်မယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း လတ်တလော ဖြစ်ပွားနေတဲ့ COVID-19 ရောဂါဟာ ကူးစက်သူ တိုးပွားလာတဲ့အပြင် အများပြည်သူတွေရဲ့ လူမှုစီးပွားရေးကို ထိခိုက်စေပြီး လူ့အသက်သေဆုံးတဲ့ အထိ ကျန်းမာရေးကို ထိခိုက်နေတဲ့အတွက် ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ထုတ်ပြန်ရတာလို့ မြို့နယ်အသီးသီးရဲ့အမိန့်စာမှာ ပါရှိပါတယ်။
ကယားပြည်နယ်မှာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘော်လခဲ၊ ဖားဆောင်းနဲ့ မယ်စဲမြို့နယ် ၇ မြို့နယ်ရှိပြီး မြို့နယ်အားလုံးကို ဒီကနေ့ ဧပြီ ၂၁ ရက် နေ့စွဲနဲ့ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အရ တပြိုင်နက် အမိန့် ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။
ကယားပြည်နယ်အတွင်း COVID-19 ကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် မြို့နယ်အားလုံးမှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကိုလည်း ဧပြီလ ၁၈ ရက်နေ့ကလည်း ထုတ်ပြန်ထားပါတယ်။










