
မကွေးတိုင်းဒေသကြီးရှိ မကွေးမြို့သင်ကြားရေး ဆေးရုံကြီးမှာ ဧပြီ ၁၃ ရက်နေ့က COVID-19 ရောဂါ စောင့်ကြည့် သံသယလူနာ အမျိုးသမီး တဦး သေဆုံးသွားတယ်လို့ ဆေးရုံက သိရပါတယ်။
မကွေးမြို့ သင်ကြားရေးဆေးရုံမှ တာဝန်ရှိသူတစ်ဦးက "COVID-19 စောင့်ကြည့် သံသယလူနာ အမျိုးသမီးတစ်ဦး ဧပြီလ ၁၂ ရက်နေ့က ဆေးရုံတက်ရောက်ပြီး ဧပြီ ၁၃ ရက်နေ့ မနက်ပိုင်းမှာသေဆုံးခဲ့ပါတယ်။ သေဆုံးသူရဲ့ လည်ချောင်းတို့ဖတ်နဲ့ နှာခေါင်းတို့ဖတ်တွေကို ဓာတ်ခွဲ နမူနာပေးပို့ထားပြီး ကျန်မာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်မှာသာ အဖြေသိရမှာဖြစ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
စလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်ကတော့ သေဆုံးသူဟာ စလင်းမြို့နယ် လက်ပံကန်း ကျေးရွာက အသက် ၅၇ အရွယ် အမျိုးသမီးတဦးဖြစ်တယ်လို့ ပြောပါတယ်။
“လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက နှလုံး၊ သွေးတိုး၊ ဆီးချို၊ ပန်နာ၊ ရင်ကျပ်ရောဂါ အခံရှိပြီး အောက်စီဂျင်နဲ့ နေနေရတာပါ။ လက်ရှိကာလမှာတော့ အဆုတ်နဲ့ပတ်သတ်တဲ့ ရောဂါ အခံရှိသူတွေကိုလည်း လည်ချောင်းတို့ဖတ် နှာခေါင်းတိုဖတ်တွေ ရယူပြီး ဓာတ်ခွဲနမူနာ ပေးပို့ကြတာပါလို့"လို့ စလင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
စလင်းမြို့ မိုးလုံလေလုံ အားကစားခန်းမမှာ ထိုင်းနိုင်ငံကပြန်ဝင်လာသူ ၃၆ ဦးကို Facility Quarantine ပြုလုပ်ပေးထားပြီး လည်ချောင်းတို့ဖတ်နဲ့ နှာခေါင်းတို့ဖတ်တွေ ရယူကာ ဓာတ်ခွဲစစ်ဆေးတာတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
သတင်း-မင်းထီး










